ချန်ပီယံလိဂ်ဝင်ခွင့်

July 19, 2020

ချန်ပီယံလိဂ်ဝင်ခွင့် မန်ယူထက် လက်စတာက အခြေအနေပိုကောင်းဟု နဗီးလ်သုံးသပ်

နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အသင်းတွေထဲမှာ ပါဝင်ဖို့အတွက် လက်စတာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုပြီး အခြေအနေကောင်းနေတယ်လို့ ဂယ်ရီနဗီးလ်က သုံးသပ်ပါတယ်။  ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းက ၂၂ မှတ်ပြတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယနေရာကိုလည်း မန်စီတီးအသင်းက ပြိုင်ဘက်မရှိ သိမ်းပိုက်ထားခဲ့ပြီဖြစ်ပါတယ်။  ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ်ဝင် ခွင့် ၂ နေရာအတွက် ချဲလ်ဆီး၊ လက်စတာနဲ့ ယူနိုက်တက်အသင်းတို့က အပြိုင်လုရမှာဖြစ်ပါတယ်။ လက်ရှိရပ်တည်မှုမှာ ချဲလ်ဆီးအသင်းက ၁ မှတ်အသာနဲ့ အဆင့် ၃ နေရာမှာရှိနေပြီး လက်စတာက အမှတ်တူဂိုးကွာခြားချက်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။  နဗီးလ်ရဲ့အသင်းဟောင်း ယူနိုက်တက်ဟာ ကိုဗစ်-၁၉ ကာလ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်ကတည်းက ပုံစံကောင်းတွေ ဆက်တိုက်ပြသနေပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းနဲ့ သရေကျကာ အမှတ်ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ ဒီလိုအမှတ်ဆုံးရှုံးခဲ့မှုက လက်စတာ အသင်းအအတွက် အခွင့်အရေးတရပ်ဖြစ်လာနိုင်ပြီး ယူနိုက်တက်အသင်းကတော့ ဒီအတွက် အဆင့် ၄ အတွင်းဝင်နိုင်ဖို့  မျှော်လင့်ချက်ကို လက်လွှတ်ရနိုင်တယ်လို့ နဗီးလ်က သုံးသပ်ပါတယ်။  နဗီးလ်က “ဆောက်သမ်တန်အသင်းရဲ့ နောက်ဆုံးမိနစ်ချေပဂိုးဟာ ယူနိုက်တက်အသင်းအတွက် တကယ့်ထိုးနှက်ချက်ဖြစ်ပြီး လက်စတာအတွက် အားသာချက်တ ခုဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ယှဉ်ပြိုင်ဖို့ရှိနေတဲ့ လက်စတာအသင်းကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့ရမှာပါ။ လက်စတာနဲ့ စပါးအသင်းတို့ပွဲစဉ်ဟာ တကယ်ကို အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာမှာဖြစ်ပေမယ့် ရှက်ဖီးလ်ကို အနိုင်ကစားခဲ့တာကလည်း လက်စတာအသင်းရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ရာသီ ချန်ပီယံလိဂ်အတွက် အဆုံးအဖြတ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်ပါတယ်။” လို့ ခန့်မှန်းသွားပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင် ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေပြိုင်ဖလားပွဲ ကန်ရဖို့ရှိနေပါတယ်။ 
1 year Ago

July 15, 2020

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ထိုက်တန်မှုရှိဟု မာတစ်ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ ဝင်ရောက်ခွင့်ရဖို့ ထိုက်တန်မှုရှိတယ်လို့ ကွင်းလယ်လူ မာတစ်က ပြောပါတယ်။  ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး တဘက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ လက်စတာအသင်းတို့ ရလဒ်ဆိုးရွားခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပွဲမှာသာနိုင်ရင် အဆင့် ၃ နေရာကို တက်လှမ်းနိုင်တော့မှာပါ။ ဒါပေမဲ့ အချိန်ပိုရောက်ခါမှ ချေပဂိုးကို ပေးလိုက်ရတာကြောင့် သရေ ၁ မှတ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ၄ မှတ်အကွာ၊ လက်စတာအသင်းနဲ့ ရမှတ်တူဂိုးကွာ အနေအထားကိုရောက်ရှိခဲ့ပြီး အဆင့် ၅ မှာပဲ ဆက်ရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအတွက် ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားဖို့ရှိတော့တာ ဖြစ်ပြီး အဲဒီထဲမှာမှ နောက်ဆုံးပွဲစဉ်အဖြစ် လက်စတာအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ရလဒ်ကောင်းမယ့်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို ရရှိသွားဖို့ အလားအလာများနေပါတယ်။ ဒီအခြေအနေမှာ ကွင်းလယ်လူ မာတစ်က ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ထိုက်တန်မှုရှိတယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။  မာတစ်က “ကျနော်တို့မှာ နောက်ထပ် ၃ ပွဲ ကျန်ရှိနေဆဲဖြစ်ပြီး ကျနော်တို့ ဦးမော့ထားရပါမယ်။ ဒီသုံးပွဲလုံးကို အနိုင်ကန်နိုင်မယ်ဆိုရင် ကျနော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အားလုံးဟာ အကောင်းဘက်ကသာ ရှုမြင်နေကြပြီးတော့ ကြိုးစားအားထုတ်မှုတွေကို ဆက်လက်ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ကျနော်တို့အသင်းဟာ ချန်ပီယံလိဂ်ကစားဖို့အတွက် ထိုက်တန်မှုရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ လေ့ကျင့်မှုတွေ၊ ပြန်လည်အားဖြည့်မှုတွေကိုလည်း အာရုံစိုက် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ သုံးလလောက်တုန်းကဆို ကျနော်တို့မှာ ချန်ပီယံလိဂ်ကန်ဖို့အတွက် မျှော်လင့်ချက်မရှိခဲ့ပါဘူး။ ကျနော်တို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်အတွက် ချဲလ်ဆီးနဲ့ လက်စတာအသင်းတို့ အမှတ်တွေ လျော့ကျသွားဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မှာလည်း သူတို့အမှတ်တွေ လျော့ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအခွင့်အရေးဟာ ကျနော်တို့ လက်ထဲမှာရှိနေဆဲပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ မာတစ်ရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
1 year Ago
More News
Up