ချန်ပီယံလိဂ်

September 16, 2021

ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီ ချန်ပီယံဖြစ်ရန် မလုံလောက်သေးကြောင်း မိုက်ကယ်အိုဝင်သုံးသပ်

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် လက်ရှိခြေစွမ်းအရတော့ လုံလောက်မှုမရှိသေးကြောင်း အိုဝင်ကပြောပါတယ်။ 

ချန်ပီယံလိဂ်ပွဲစဉ်တွေကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်ဟာ ပီအက်စ်ဂျီတိုက်စစ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ကလပ်ဘရုဂေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ MNM လို့ ပြင်သစ်မီဒီယာတွေ အတိုကောက်ခေါက် ခေါ်ဆိုကြတဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ကွင်းလယ်လူ ဟာရဲယားက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရပြီး ၁ ဂိုးစီ သရေကျခဲ့တာပါ။ 

မိုက်ကယ်အိုဝင်ကတော့ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှာ အားနည်းမှုတွေရှိနေပြီး ဘာကြောင့်ရေးပန်းစားတဲ့ အသင်းဖြစ်နေတာလဲဆိုတာ နားမလည်ကြောင်း BT Sport မှာ သုံးသပ်ခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းထက် အင်္ဂလိပ်ကလပ်တွေက ပိုပြီး တောင့်တင်းမှုရှိကြောင်း အိုဝင်က ပြောပါတယ်။ 

အိုဝင်နဲ့အတူသုံးသပ်ခဲ့တဲ့ ဖာဒီနန်ကတော့ နာမည်ကြီး ကစားသမားတွေကို အကောင်းဆုံးတွဲဖက်နိုင်ဖို့လိုအပ်ပြီး ပီအက်စ်ဂျီအသင်းမှာ အဲဒီပြဿနာရှိနေတယ်လို့ ပြောပါတယ်။ 

3 days Ago

September 15, 2021

ယန်းဘွိုင်းစ်ကို ရှုံးပြီးနောက် တစ်ဦးချင်းအမှားကို သင်ခန်းစာယူရန် မန်ယူနည်းပြဆိုးလ်ရှား ပြော

မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ တစ်ဦးချင်းအမှားတွေအပေါ် သင်ခန်းစာယူဖို့လိုအပ်ကြောင်း နည်းပြဆိုးလ်ရှားက သတိပေးလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ တစ်ဦးချင်း အမှားတွေနဲ့အတူ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ အနီကတ်ပြခံခဲ့ရသလို ပွဲပြီးခါနီးမှာလည်း ဂျီဆီလင်ဂတ်ရဲ့ ဂိုးသမားကို ပြန်ပေးမှုကနေ ယန်းဘွိုင်းစ်က အနိုင်ဂိုး သွင်းသွားခဲ့တာပါ။

ယူနိုက်တက် အသင်းအနေနဲ့ မနှစ်က ချန်ပီယံလိဂ်မှာတုန်းကလည်း တစ်ဦးချင်းအမှားတွေ လုပ်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး အမှားတွေအပေါ် သင်ခန်းစာယူနိုင်ဖို့လိုတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

အာရုံစူးစိုက်မှုမရှိတဲ့အချိန်မှာ အမှားဖြစ်ပေါ်လာတက်ပြီး မနှစ်က တူရကီကလပ် ဘာဆက်ဆီဟာနဲ့ ပွဲမှာလည်း အလားတူသွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရကြောင်း ဆိုးလ်ရှားကပြောပါတယ်။

“ကျနော်တို့ ကိုယ်တိုင်ကနေ ပိုပြီးခက်ခဲတဲ့ အခြေအနေတွေဖြစ်သွားနိုင်တာကို သိရှိဖို့လိုပါတယ်။ မနှစ်ကလည်း  ၂ ပွဲကစားပြီးချိန်မှာ နောက်တဆင့်တက်မယ်လို့ အားလုံးက ထင်ခဲ့ကြပါတယ်။ နောက်တဆင့်အတွက်က ၁ဝ မှတ် ဒါမှ မဟုတ် ၁၂ မှတ် လိုပါတယ်။ အိမ်ကွင်းပွဲစဉ်အားလုံးကို အနိုင်ရပြီး အဝေးကွင်းတစ်ပွဲလောက် နိုင်ဖို့လည်းလိုပါတယ်။ ကျနော်  နောက်လာမယ့်ပွဲတွေမှာ အိမ်ကွင်း ၂ ပွဲဆက်ကစားရမှာဖြစ်ပြီး အဲဒီအပေါ် အာရုံစိုက်သွားရမှာဖြစ်တယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

4 days Ago
More News
Up