ချင်းရိုင်း

April 3, 2020

ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်တွင် ခရီးသွားသတိပေးချက်များ ထုတ်ပြန် 

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူတွေ တနေ့တခြား တိုးပွားလာနေတာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ ချင်းရိုင်းခရိုင်မှာ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ခရိုင်အာဏာပိုင်တွေက  ပြည်သူတွေ လိုက်နာရမယ့် ခရီးသွားသတိပေးချက်တွေ ထုတ်ပြန်လိုက်ပါတယ်။  ချင်းမိုင်ခရိုင်မှာဆိုရင် နိုင်ငံခြားသားတွေ ခရိုင်ထဲကို ဝင်လာရင် ရောဂါထိန်းချုပ်ရေးဌာနက သတ်မှတ်ထားတဲ့နေရာမှာ ၁၄ ရက် အပြင်မထွက်ဘဲ quarantine နေဖို့နဲ့ ထိုင်းနိုင်ငံသားတွေ ဆိုရင်လည်း ပြည်ပက ပြန်လာတာပဲဖြစ်ဖြစ်၊ ဘန်ကောက်၊ ယလား၊ ပတ္တနီ၊ နာရာသီဝပ်နဲ့ ဖူးကက် စတဲ့ခရိုင်က ရောက်လာတာပဲဖြစ်ဖြစ်  မိမိနေအိမ်ကနေ ၁၄ ရက် အပြင်မထွက်ဘဲ quarantine နေဖို့ ထုတ်ပြန်ထားပါတယ်။ ခရိုင်အုပ်ချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး ချင်းမိုင်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကလည်း  မြန်မာနိုင်ငံသားတွေအနေနဲ့ လိုက်နာကြဖို့ ထပ်ဆင့် သတိပေးနှိုးဆော်ထားပါတယ်။  ဒီအစီအစဉ်ဟာ ၂၀၂၀ ဧပြီ ၂ ရက်ကနေ စတင်တာဖြစ်ပြီး ညွှန်ကြားချက်အတိုင်း မလိုက်နာဘူးဆိုရင် ငွေဒဏ် ဘတ် ၁ သိန်း၊ ဒါမှမဟုတ် ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ် ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။  အလားတူ ချင်းရိုင်ခရိုင်မှာလည်း COVID-19 ကာကွယ်တားဆီးရေးအတွက် ခရီးသွားလာမှုတွေ ကန့်သတ်ထားပါတယ်။  ချင်းရိုင်ခရိုင်မှာ ၂၀၂၀ ဧပြီ ၁ ရက်ကစပြီး ခရိုင်ထဲ နေထိုင်သူတွေကလွဲလို့ တခြားဒေသက လူတွေ၊ ကားတွေအနေနဲ့ အကြောင်းကိစ္စမရှိဘဲ၊ ခွင့်ပြုချက်မရဘဲ ဝင်ရောက်လာခွင့်မရှိကြောင်း၊ ဒါ့အပြင် နှာခေါင်းစည်း မတပ်ဆင်သူနဲ့ တာဝန်ကျဝန်ထမ်းရဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသူတွေလည်း ဝင်ခွင့်မပြုဘူးလို့  ထုတ်ပြန်ထားပါတယ်။  တာဝန်ကျဝန်ထမ်းဟာ အကွာအဝေး ၁ မီတာကနေ ခရီးသွားတွေကို စစ်ဆေးမှာ ဖြစ်ကြောင်း၊ တဦးချင်းစီရဲ့ ကိုယ်အပူချိန်ကို စစ်ဆေးပြီး အမည်နဲ့ ဖုံးနံပါတ်တွေ တောင်းယူထားကာ သံသယဖြစ်ဖွယ်ရှိရင် ကျန်းမာရေးဌာနကို အကြောင်းကြားမယ်လို့ ဆိုပါတယ်။  ကုန်တင်ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနိုင်ပြီး စစ်ဆေးမှုတော့ ခံယူရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ချင်းရိုင်းခရိုင်မှာ နေထိုင်သည်ဖြစ်စေ၊ ချင်းရိုင်းကို သွားမည်ဖြစ်စေ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့အတိုင်း မပျက်မကွက်လိုက်နာဖို့ ချင်းမိုင်-မြန်မာ ကောင်စစ်ဝန်ရုံးက နှိုးဆော်ထားပါတယ်။  မြန်မာနိုင်ငံသားတွေ အမြောက်အမြား နေထိုင်တဲ့ တာ့ခ်ခရိုင်ထဲမှာလည်း ခရီးသွားလာခွင့်တွေ ဧပြီလ ၂ ရက်နေ့ကတည်းက ကန့်သတ်ထားပြီး အဆိုပါကြေညာချက်ကို မသိလိုက်ဘဲ ခရီးသွားလာခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံခဲ့ရပါတယ်။  မနေ့ကထိုင်းနိုင်ငံ အတွင်းပိုင်းကနေ မြန်မာပြည်ပြန်ဖို့ ဗဲန်ကား ၇ စီး၊ ကားကြီး ၁ စီးနဲ့ လိုက်ပါလာကြတဲ့  မြန်မာလုပ်သား ၈၀ လောက် ဒေသအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။  မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က သွားရောက်ကူညီညှိနှိုင်းပေးခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက သူတို့ကို  သတိပေးပြီး ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ မြန်မာပြည်ထဲ ပြန်လွှတ်ပေးလိုက်တယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။  ခရီးသွားလာခွင့်မရှိသူတွေကို တင်ဆောင်လာတဲ့သူတွေဟာလည်း ထိုင်းနိုင်ငံသား ဖြစ်ပါစေ အရေးယူခံရမှာဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ ၃ ရက် မနက်မှာတော့ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ အဖြူရောင်မှန်လုံကား ၁ စီးဟာ မဲဆောက်မြို့နယ် ဟွေ့ဟင်ဖွန်စစ်ဆေးရေး ဂိတ်မရောက်ခင် ဝပ်ဖိုးထိခွန်ကျောင်းတိုက်အနီးမှာဘဲ ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၅ ဦးကို လမ်းဘေးမှာ ချထားခဲ့ပြီး လာရာလမ်းပြန်လှည့်သွားခဲ့တယ်လို့  AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါ မြန်မာ ၅ ဦးမှာ အမျိုးသား ၃ ဦး အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အတွင်းပိုင်းဘက်ကနေ မြန်မာပြည်ပြန်ဖို့ ကားငှားလာခဲ့ပေမယ့် တာ့ခ်ခရိုင်ထဲရောက်တော့ ကားသမားက ခရိုင်ဝန်ထုတ်ပြန်ချက်ကြောင့် ဒဏ်တပ်ခံရမှာစိုးလို့ သူတို့ကို လမ်းတဝက်မှာတင် ချထားခဲ့တာလို့ ဆိုပါတယ်။  ထိုင်းနိုင်ငံမှာ COVID-19 ကာကွယ်တားဆီးရေးဥပဒေအရ သတ်မှတ်ထားတဲ့ နေရာအချိန်မှာ ခွင့်ပြုချက်မရဘဲ ခရီးသွားလာရင် ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သိန်း ထက်မပိုတဲ့ ငွေဒဏ် အပြစ်ပေးခံရမှာဖြစ်ပါတယ်။ ကိုးကား- AEC Asean News/ MCG
1 year Ago

March 25, 2020

ဘန်ကောက်-ချင်းရိုင်း ဘတ်စ်ကားဖြင့် လိုက်ပါလာသည့် ခရီးသည် ၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးတွေ့ရှိ  

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်မှာ မတ် ၂၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃ ဦးရှိပြီး နောက်ဆုံး ၁ ဦးမှာ ဘန်ကောက်ကနေ ဘတ်စ်ကားနဲ့ ကျိန်းဆဲန်မြို့ကို  စီးနင်းလိုက်ပါလာတဲ့ အသက် ၃၃ နှစ်ရွယ် အမျိုးသားတဦးဖြစ်တယ်လို့ ချင်းရိုင်း ဒုခရိုင်ဝန် နိုင်းဖားဆကွန်းဘွန်းရတ်စ်က မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်ကနေ နိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့ကိုလာတဲ့ ဘတ်စ်ကား တစီးထဲနဲ့ လိုက်ပါလာခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါကားပေါ်က ကျန်တဲ့ခရီးသည် ၄၀ နီးပါးကိုလည်း နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆေးရုံတွေမှာ သွားရောက်ဆက်သွယ် သတင်းပို့ဖို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးဌာနက ကြေညာထားပါတယ်။  အဆိုပါအမျိုးသားမှာ ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်ကဖြစ်ပြီး ဒီမတိုင်ခင် မတ် ၁၇ ရက်နေ့က ဘန်ကောက် ထောင်းလော်နယ်မြေပါတီပွဲတခုကို သွားရောက်ခဲ့ကြောင်း သူဟာ မတ်လ ၂၀ ရက်နေ့မှာတော့ ဆုမ်ဘတ်ထိုးကုမ္ပဏီပိုင် အဝေးပြေးကားနဲ့ အိမ်ပြန်ခဲ့ကာ ၂၁ ရက်နေ့မှာ နေမကောင်းလို့ မယ့်ကျန်းမြို့နယ်ဆေးရုံ သွားခဲ့ကြောင်း၊ ၂၂ ရက်နေ့မှာတော့ သွေးစစ်ချက်မှာ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုအဖြေထွက်တယ်လို့  ဒုခရိုင်ဝန်က ဆက်ပြောပါတယ်။  ဒါကြောင့် သူ့မိသားစုဝင်နဲ့ အိမ်နီးချင်း ၁၀ ဦးကို ကျန်းမာရေးစစ်ဆေးပြီး အပြင်မထွက်ဖို့ ကန့်သတ်ထားပါတယ်။ ဒါ့အပြင်  မတ်လ ၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်က ဘန်ကောက်မှ ထွက်ခွာလာသော ဆုမ်ဘတ်ထိုးဘတ်စ်ကားပေါ် စီးနင်းလိုက်ပါလာသူ ခရီးသည်တွေအနေနဲ့ မိမိကိုယ်မိမိ အသိတရားရှိစွာနဲ့ နီးစပ်ရာ ဆေးရုံ/ဆေးခန်းမှာ သွားရောက်ပြသပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားဖို့၊ ၁၄ ရက်အတွင်း အပြင်မထွက်ဖို့  ဒုခရိုင်ဝန်က ပြောသွားပါတယ်။  ချင်းရိုင်းမှာ ဒီမတိုင်က တွေ့ရှိခဲ့တဲ့ ကိုရိုနာကူးစက်ခံရသူ ၂ ဦးမှာ ချင်းရိုင်းခရိုင် ထိန်းမြို့နယ်ကဖြစ်ပြီး  ပထမ ၁ ဦးမှာ ဘန်ကောက်က ပြန်လာသူ အသက် ၃၅ နှစ်ရွယ် အမျိုးသား ၁ ဦးဖြစ်ပါတယ်။ အဆိုပါအမျိုးသားမှာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အဖြေထွက်တဲ့အတွက် သူနဲ့ နီးစပ်သူ ၁၀ ဦးကို စစ်ဆေးခဲ့ရာမှာ အဆိုပါ ၁၀ ဦးအနက် ကူးစက်ခံရသူ ၁ ဦးရှိပြီး  အသက် ၅၆ နှစ်ရွယ်ရှိ သူ့ယောက္ခမ ဖြစ်တယ်လို့ ဆိုပါတယ်။  ချင်းရိုင်းခရိုင်မှာ ကိုရိုနာကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ မြန်မာနယ်စပ်နဲ့ လာအိုနယ်စပ် ဝင်ပေါက်တွေ ပိတ်ထားသလို ဧည့်သည်တွေ အလာများတဲ့ ဝပ်လောင်းခွန် (ငွေကျောင်း) ၊ ဒွိုင်နန်းနွန်း ကျောက်လိုဏ်ဂူ စတဲ့လည်ပတ်စရာ နေရာတွေကို မတ် ၂၂ ရက်နေ့ကစ ဧပြီ ၃ ရက်အထိ ပိတ်ထားပါတယ်။
1 year Ago
Up