ချင်းမိုင်

March 14, 2019

ချင်းမိုင်လေထုညစ်ညမ်းမှု ကမ္ဘာတွင် အဆိုးရွားဆုံးဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင် ၈ ခုမှာ အခုရက်ပိုင်းအတွင်း တောမီးလောင်မှုကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေရာ ချင်းမိုင်ခရိုင်ဟာ အဆိုးရွားဆုံးဖြစ်ပြီး ကမ္ဘာ့လေထုညစ်ညမ်းမြို့တွေထဲ အဆင့် ၁ မှာ ရောက်နေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်ခရိုင်မှာ ၃ ရက်ဆက်တိုက် လေထုညစ်ညမ်းနေပြီး တိုင်းထွာချက်တွေအရ သိပ်သည်းမှု ပီအမ် ၂ ဒသမ ၅ ကုဗမီတာနဲ့ စိုးရိမ်မှတ်ရဲ့စံချိန်ချိုးသွားကြောင်း၊ ဒါကြောင့် မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ စာသင်ကျောင်းတွေ ပိတ်ထားရသလို ပြည်တွင်းလေကြောင်းလိုင်း တချို့လည်း ရုတ်တရက် ရပ်နားထားရတယ်လို့ ဆိုပါတယ်။ ဘန်ကောက်အဲဝေးရဲ့ ဒီနေ့မနက်ပျံသန်းမယ့် ချင်းမိုင်-မယ်ဟောင်ဆောင် လေယာဉ်ခရီးစဉ်ကို ရုပ်သိမ်းထားပြီး ညနေပိုင်းလည်း မသေချာသေးဘူးလို့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ပြောပါတယ်။ AirVisual အမည်ရှိ ဝက်ဘ်ဆိုက်ရဲ့ ကမ္ဘာမှာ လည်ပတ်စရာကောင်းတဲ့ မြို့တွေရဲ့ ရာသီဥတု အခြေအနေတွေ အစဉ်လိုက် နှိုင်းယှဉ်ဖော်ပြချက်အရ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှု Air Quality Index မှာ ၃ ရက်အတွင်း ၂၈၈ နဲ့ အဆိုးရွားဆုံးဖြစ်နေကြောင်း၊ ဒုတိယမှာ ဂျေရုဆလင် AQI ၂၇၈ ဖြစ်ပြီး တတိယမှာ အိန္ဒိယနိုင်ငံ ဒေလီမြို့ ၂၄၂ ဖြစ်တယ်လို့  ဆိုပါတယ်။ ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု ပြဿနာ ဖြေရှင်းဖို့အတွက် ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်းဆုဝမ်း ကိုယ်တိုင် မြောက်ပိုင်းဒေသကို လာရောက်စစ်ဆေးပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။
2 years Ago

February 26, 2019

ရဲစခန်းအိမ်သာထဲ ကလေးမွေးပြီး စွန့်ပစ်ခဲ့သည့် မိခင်အမျိုးသမီးကို ရှာဖွေနေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ရဲစခန်းအိမ်သာထဲမှာ ကလေးမွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့ မိခင်အမျိုးသမီးကို ရဲတွေက ရှာဖွေနေကြတယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအမျိုးသမီးဟာ ဒီကနေ့မနက် ၁ နာရီခွဲလောက်မှာ ရဲစခန်းအိမ်သာထဲကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီနောက် သူဟာ ကလေးမွေးဖွားခဲ့ပြီး မွေးကင်းစကလေးငယ်ကိုတော့ အိမ်သာထဲမှာ စွန့်ပစ်ထားခဲ့တာပါ။ အိမ်သာထဲက ကလေးငိုသံကြောင့် ရဲစခန်း သန့်ရှင်းရေး ဝန်ထမ်းတဦးက တွေ့ရှိခဲ့ပြီးနောက်မှာတော့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရမ်ဂျိုင်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့တွေက ကလေးငယ်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့ပြီးနောက်မှာတော့ မဟာရက်ခ်ျနခွန် ချင်းမိုင်ဆေးရုံဆီ ပို့ဆောင်ခဲ့တာပါ။ ကယ်ဆယ်ရေးဝန်ထမ်းထဲက တဦးကတော့ ကလေးငယ်ကို အိမ်သာရေကန်ထဲမှာ ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ ရဲတွေကတော့ အခင်းဖြစ်တဲ့ နေရာတဝိုက် လုံခြုံရေးကင်မရာတွေကတဆင့် စစ်ဆေးဖို့ ကြိုးစားပေမယ့် ကင်မရာတွေ အလုပ်မလုပ်တာကြောင့် ရှာဖွေဖော်ထုတ်မရနိုင်ဘဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် သူတို့အနေနဲ့ အမျိုးသမီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ပြီး တခြားနေရာတွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကတဆင့် ရှာဖွေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up