ခိုက်ရန်ဖြစ်

March 30, 2017

စင်မြင့်ရှေ့တွင် ကခုန်ရင်းထိခိုက်မိရာမှ အုပ်စုလိုက် ခိုက်ရန်ဖြစ်၊ ဓားထိုးခံရ

  ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့မှာ မတ် ၂၉ ရက် ည ၁၀ နာရီလောက်က ကုန်ပစ္စည်းပြပွဲနဲ့ အထူးဈေးရောင်းပွဲတော်မှာ လူငယ်အုပ်စုနှစ်ဖွဲ့ ခိုက်ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့လို့ လူငယ် ၃ ဦး မိုင်းတုံဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။ ဈေးရောင်းပွဲတော်မှာ တေးသရုပ်ဖော်နဲ့ မော်ဒယ်ရှိုးပွဲတင်ဆက်ရာ စင်မြင့်ရှေ့မှာ ကခုန်ရင်း မတော်တဆ ထိခိုက်မိရာမှ အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ "ဈေးရောင်းပွဲတော် ဖျော်ဖြေရေးစင်မြင့်ရှေ့မှာ ကခုန်နေကြရင်း ထိခိုက်မိရာက အဖွဲ့လိုက် ရန်ဖြစ်ကြတယ်။ အမှတ် (၂၇၇) ခြေလျင်တပ်ရင်းမှာနေထိုင်တဲ့ တပ်မိသားစုဝင် မောင်ပြည့်ဖြိုးမင်းနဲ့ အဖွဲ့ထဲကတယောက်က ဓားနဲ့ထိုးလို့ ၃ ယောက်ဒဏ်ရာရပြီး ဆေးရိုပို့ လိုက်ရတယ်။ ဖြစ်ပြီးတော့ ထွက်ပြေးသွားကြတယ်"လို့ အခင်းဖြစ်ပွားရာမှာ မျက်မြင်တွေ့ရှိသူ စိုင်းလောဝ်အွန်က ပြောပါတယ်။ ဓားထိုးမှုကြောင့် မိုင်းတုံမြို့ဝမ်မိုင်ရပ်ကွက်နေ စိုင်းနောင့်အေးရဲ့ ဝဲဖက်ဝမ်းဗိုက်မှာ ၂ လက်မ လောက် ထိုးသွင်း ဒဏ်ရာတချက်၊ ဝဲဘက်ပခုံးမှာ ၄ လက်မလောက် ထိုးသွင်းပြတ်ရှ ဒဏ်ရာတချက် (စိုးရိမ်ရ) နဲ့ စိုင်းလောင်ဆိုင်ရဲ့ ဝဲဘက်ခြေမအထက် ၂ လက်မလောက် ပြတ်ရှဒဏ်ရာတချက်၊ ဝဲဘက်နားနောက် ဖူးယောင်ဒဏ်ရာတချပ်(မစိုးရိမ်ရ)၊ စိုင်းအောင်နွတ် ရဲ့ ဝဲဘက်လက်မောင်းအုံမှာ ၂ လက်မလောက် ထိုးသွင်းဒဏ်ရာတချက် အသီးသီးရရှိကာ မိုင်းတုံဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံနေရပါတယ်။ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးခဲ့တဲ့ ပြစ်မှုကျူးလွန်တဲ့ ပြည့်ဖြိုးမင်း အသက် (၂၀) နှစ်ကို ဒီနေ့ မနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၃/၃၂၄/၃၂၆ တို့အရ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ကျော်ဇေယျာလင်း ( မိုင်းတုံ)
4 years Ago
Up