ခင်ဦး

January 8, 2022

တန့်ဆည်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ရွာဝင်မီးရှို့

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၈ ရက်  ဒီနေ့ နေ့လယ်  ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကံထူးမကျေးရွာကနေ တန်ဆည်မြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲခဲ့တာလို့ ဒေသခံတော်လှန်ရေးအင်းအားစုက  ပြောပါတယ်။

စစ်ကောင်စီယာဉ်ရဲ့ အရှေ့ပိုင်းကို မိုင်းထိမှန်ခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ တန့်ဆည် ပကဖ အဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဆိုပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ Area-21 Network အတွင်းက MDF-Taze Tiger အဖွဲ့က ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာတော့  စစ်ကောင်စီတပ်က  ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီလောက်က ‌လူနေအိမ်နှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေထံကနေ သိရပါတယ်။

ရွာသစ်ကုန်းကို မီးရှို့တဲ့ စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့နယ်ဘက်ကလာထွက်လာပြီး ခင်ဦးမြိုနယ်ကို ထွက်လာပြီးအခုလို မီးရှို့ခဲ့တာလို့ သိရပါတယ်။

ဒေသခံတစ်ဦးက“ကျနော်တို့ ရွာသစ်ကုန်းရွာက လူတွေကတော့ဗျာ။ အရင်လတွေကတည်းက ရွာမှာ လူမနေရဲကြဘူး။ အကုန်ထွက်ပြေးနေရတယ်။ နေရဲတဲ့သူတချို့တော့ ရွာထဲနေတာတော့ရှိတယ်။ ဘာကြောင့်ရှို့တာလဲဆိုတော့၊ ဒီကောင်တွေကအစိုးမရဘူးရယ်။ လူစိတ်ကိုမရှိတာပေါ့ဗျာ။ ရွာကလူတွေလည်း စားစရာမရှိရတဲ့အထဲ အခုလို အကြိမ်ကြိမ်မီးရှို့နေလို့ကတော့ နေစရာကို ရှိမှာမဟုတ်တော့ဘူး။ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီဗျ။ အရင်ပထမအကြိမ်တုန်းကတော့ အိမ် ၃၀‌ မီးထဲပါသွားတယ်။ အခုအကြိမ်ကြတော့ ၂ အိမ် မီးလောင်သွားတယ်”  ပြောပါတယ်။

ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေပာာ ဒေသပြည်သူတွေကျေးရွာ အတွင်းမနေရဲအောင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ကာ ဒေသခံတွေရဲ့အ ဖိုးတန်ပစ္စည်းတွေယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ရေဦးမြို့နယ်၊ ပျဥ်ထောင်ရွာမ ဒေါင်းလှရွာနဲ့ ရွာသစ်ကုန်းကျေးရွာအနီးက တောင်သူတွေရဲ့ ၂၅ ဧက‌‌ရှိတဲ့ လယ်အတွင်းက ရိတ်သိမ်းပြီး စပါးတွေယူဆောင်သွားတာ ခံခဲ့ရတယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။

3 weeks Ago

November 25, 2021

ခင်ဦးမြို့နယ်တွင် ဘုန်းကြီးကျောင်းကို စစ်တပ်ကမီးရှို့၊ ကနီတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာက အောင်မြေရတနာ ရွာဦးဘုန်းကြီးကျောင်းကို နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီလောက် စစ်တပ်က စီးနင်းမွှေနှောက်ဖျက်ဆီးပြီး နားနေဆောင် ၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေ့လယ် ၁ နာရီလောက်ကစပြီး စစ်တပ်က ဘုန်းကြီးကျောင်းကိုတန်းဝင်တာပဲ။ ၃ နာရီခန့်လောက်ကြ မီးစရှို့တာပဲ၊ နှစ်ခန်း သုံးခန်း နားနေဆောင် နှစ်ဆောင် မီးလောင်သွားတယ်။ ကျန်တဲ့အဆောက်အဦအတွင်းက ပရိဘောဂတွေနဲ့ တံခါးမှန်တွေကိုလည်း ရိုက်ခွဲဖျက်ဆီးကြတယ်။ ရွာထဲတော့မဝင်သေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ဟာ ရေဦး၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တို့ကို စစ်ကြောင်းထိုးပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေသလို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာကို အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်အလုံး ၃၀ လောက်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူနှစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဘုမ္မဇင်းအရှေ့ရွာအနီးမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KLG PDF၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်နဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့  တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက် ၂ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရမှု အများအပြားရှိနိုင်ကြောင်း၊ အပြည့်အစုံသိရဖို့ စုံစမ်းနေတယ်လို့  ကနီမြို့နယ် KLG PDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်အတွင်း နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီးအမြန်ရေယာဉ်ကို ဒေသတွင်းပြည်သူကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ကြတာကြောင့် စစ်ကောင်စီ ရေယာဥ်က ၄၀ ကျော် ဒဏ်ရာရခဲ့ပြီး မင်းကင်းမြို့နယ် တောင်ဖြူရွာကတစ်ဆင့် မုံရွာကို ရဟက်ယာဥ် ၂ စီးနဲ့ သယ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

2 months Ago
More News
Up