ကျွန်းပရိဘောဂ

October 29, 2018

ညောင်လေးပင်မြို့တွင် တရားမ၀င် ကျွန်းပရိဘောဂများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ၁၂ ဘီးယာဉ် ၁ စီးပေါ်ကနေ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။ ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၅/၁) အနီးမှာ မြို့နယ်သစ်တောနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်းစံလင်း မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်အား စစ်ဆေးရာမှ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ မြို့နယ်သစ်တောဦးစီးမှူး ဦးလှိုင်ထူးက “ကျနော်တို့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စောင့်ဆိုင်စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ စစ်ဆေးရာမှာ မုန့်ဖာတွေနဲ့ ဖုံးဖိသယ်လာတဲ့ကားပေါ်မှာ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ကနုက်ပန်း-ပန်းထွင်း-ပန်းဖောက် စတဲ့ ပရိဘောဂပစ္စည်းမျိုးစုံကို ဖမ်းဆီးရမိတာပါ။ ကျနော်တို့ သစ်တောဥပဒေနဲ့အညီ အရေးယူမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ စစ်ဆေးတိုင်းတာချက်အရ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ကျွန်းကနုတ်ပန်း-ပန်းထွင်း- ပန်းဖောက် ပရိဘောဂပစ္စည်းမျိုးစုံ စုစုပေါင်း ၈၃၂ ခု ၃.၅၆ တန်လောက်၊ ဒေသပေါက်ဈေး ၂၁ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ တရားမ၀င် ကျွန်းပရိဘောပစ္စည်းတွေ တင်ဆောင်လာသူ ယာဉ်မောင်း စံလင်းကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
3 years Ago
Up