ကြံ့ခိုင်ရေးပါတီ

April 29, 2021

ကြံ့ခိုင်ရေးပါတီ မန္တလေးတိုင်းရုံး ဗုံးဖောက်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၇ လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(မန္တလေးတိုင်းဒေသကြီးရုံး)ကို ဧပြီ ၂၈ ရက် ညပိုင်းက လက်လုပ်ဗုံးနဲ့ပစ်ဖောက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲသံကို ပတ်ဝန်းကျင်က ကြားလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးအနား ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မနက်ပိုင်းမှာတော့ လုံခြုံရေးယူထားတာတွေ မတွေ့ရဘဲ ပုံမှန်အခြေအနေရှိနေပြီး CCTV မှတ်တမ်းအရ ဆိုင်ကယ်တစ်စီးနဲ့ လူ ၃ ဦးက လာပစ်သွားတာလို့ သိရပါတယ်။ဧပြီ ၂၈  ရက်ကလည်း စစ်ကောင်စီက ခန့်ထားတဲ့ မန္တလေး ဒုမြို့တော်ဝန်အိမ်မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အပြင် ၃၈ လမ်း ၇၃ လမ်းမှာပါ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တချို့ ဒဏ်ရာရသူ ရှိတယ်လို့ သိရပါတယ်။

2 weeks Ago

February 13, 2021

မန္တလေးတိုင်းကြံ့ခိုင်ရေးပါတီရုံးဝင်းထဲမှ ထွက်လာသူတစ်စုကို ပြည်သူများက လိုက်လံ မောင်းထုတ်

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းထဲကနေ ထွက်လာတဲ့ လူတစ်စုကို  ငါးထောင်စား ဆန္ဒပြသူတွေဆိုပြီး ဒေသခံ ပြည်သူလူထုက လိုက်လံမောင်းထုတ်ခဲ့ကြပါတယ်။

၇၃ လမ်း ၊၂၇လမ်းနဲ့ ၂၈ လမ်းကြားမှာရှိတဲ့ မန္တလေးတိုင်း၊ ကြံ့ခိုင်ရေးပါတီရုံးထဲကနေ ထွက်လာတဲ့ လူစုကို ပြည်သူလူထုက အယုံအကြည်မရှိတဲ့အတွက် လိုက်လံမောင်းထုတ်ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

အဆိုပါလူစုဟာ ၇၃ လမ်း အနီး ၂၇ လမ်းပေါ်က ၁၂ ဘီး ကားကြီးပေါ်ကို တက်ကာ မောင်းထွက်သွားတာကြောင့် လူထုက နောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်လံ မောင်းထုတ်ခဲ့ကြပါတယ်။

အဆိုပါ ၁၂ ဘီးကားဟာ ၁၉ လမ်းအတိုင်း ကျုံးနံဘေး ၆၆လမ်း၊နန်းတွင်း တပ်အရှေ့ဘက်ပေါ်က ရဲတပ်ဖွဲ့ရဲ့ အတားအဆီးတွေကြားကနေ တိုးဝင်ပြီး ၆၆ လမ်းကြီးအတိုင်း မြောက်ဘက်ကို မောင်းဝင်သွားပါတယ်။

ဒါ့အပြင် မန္တလေးတောင်ခြေက မြို့စောင့်တပ်လို့ အမည်ရှိတဲ့ ၉၅ တပ်ရင်းကနေ လိုက်ထရပ်ကား နှစ်စီး၊ ခွေးဘီလူးကား တစ်စီး ၊၁၂ဘီးကား တစ်စီးနဲ့ အပြည့် လူတွေထွက်သွားတွေ့ခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ တပ်မတော်ထောက်ခံပွဲလုပ်ဖို့    ကြံ့ခိုင်ရေးပါတီက ပိုက်ဆံပေးပြီးလူစုခိုင်းတဲ့ ရုပ်သံဗီဒီယိုဖိုင်သက်သေ တခု ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ထိန်ထိန်လင်း

3 months Ago
More News
Up