ကြယ်တံခွန်သီချင်း

September 23, 2021

ပြည်သူ့အချစ်တော် ရေမွန်ကွယ်လွန်ခြင်း ၃ လပြည့် အမှတ်တရ “ကြယ်တံခွန်”သီချင်း(ရုပ်သံ)

“မင်း… နောက်ထပ် မတွေ့ရတော့ဘူး… ကြယ်တံခွန်လို မိုးသားထဲ ခရီးထွက်သွားတော့ … တကယ်ဆို အကောင်းဆုံး ပေးဆပ်သွားခဲ့တာပဲ… ကျန်တာတွေ အားလုံးနှုတ်ဆက် ထားခဲ့လိုက်တော့… သူငယ်ချင်း”

ပြည်သူ့အချစ်တော် အဆိုတော် ရေမွန်ကွယ်လွန်ခြင်း အမှတ်တရအနေနဲ့ Eternal Gosh အဖွဲ့က သီဆိုထားခဲ့တဲ့ သီချင်းတပုဒ်ကို သူကွယ်လွန်တာ ၃ လပြည့်တဲ့ ဒီကနေ့မှာ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

“အဆင်ပြေနေတဲ့ သတင်းတွေကို ကြားတော့… မနက်ဖြန်တွေမှာ တွေ့ရဦးမယ် ထင်မိခဲ့တာပေါ့… အချိန်ကို နောက်ပြန်လှည့်လို့ရရင် ဘယ်လောက်ကောင်းမလဲ… နေဝင်ချိန် ရောက်ခဲ့မယ် မထင်ဘူးပေါ့… ဒီနွေရာသီ ခရီးထွက်မသွားခင် တွေ့တာနောက်ဆုံးပေါ့… ပြန်လာဦးမလား မင်းကို စောင့်မျှော်နေမိခဲ့… ခွဲခွာခြင်းဆိုတဲ့ ကံတရားတွေပဲ… လူတ ယောက်တန်ဖိုးက မရှိချိန်မှ နားလည်”

 “ကြယ်တံခွန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းထဲမှာတော့ ရေမွန်နဲ့အတူ ဖြတ်သန်းမှု အမှတ်တရ လွမ်းစရာပုံရိပ်တွေနဲ့အတူ ဖန်တီးတင်ဆက်ထားခဲ့တာကို တွေ့ရပါတယ်။

ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ကရင်လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်အဆိုတော် ရေမွန်ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေး ရွာသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

2 months Ago
Up