ကြည့်မြင်တိုင် စည်ပင်ရုံး

October 16, 2021

ကြည့်မြင်တိုင် စည်ပင်ရုံးအနီး စစ်တပ်က အရပ်သား ၂ ဦးကို ပစ်ခတ်ဖမ်းဆီး၊ စမ်းချောင်းတွင် ဗုံးကွဲ

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ စည်ပင်ရုံးအနီးရှိ လုံခြုံရေးချထားတဲ့ အတားအဆီးတွေကို  ဝင်တိုက်မိတဲ့ အိမ်စီးကားတစီးကို  စစ်ကောင်စီလက်နက်ကိုင် အစောင့်တွေက သေနတ်နဲ့ပစ်ခတ်ကာ ကားပေါ်ပါသူနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အဲဒီပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် မနေ့ည ၉ နာရီလောက်က Crown အမျိုးအစားယာဥ်တစ်စီးက အတားအဆီးတွေကို  ဝင်တိုက်မိတာကြောင့် လုံခြုံရေးတွေက သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီကားပေါ်မှာ လူနှစ်ဦးပါပြီး ယာဥ်မောင်းလို့ ယူဆရသူက ခေါင်းကွဲသွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

“ကားက ဘားကနေ ပြန်လာတာ။ မူးပြီးတိုက်တာ။ လုံခြုံရေးတွေက ဖြစ်ဖြစ်ချင်း ပစ်တော့ ပတ်ဝန်းကျင်ကသူတွေပါ အထိတ်တလန့်ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။

အဲဒီလိုဖြစ်ပြီး မကြာခင် စစ်သားနဲ့ ရဲတွေ ထပ်မံရောက်ရှိလာပြီး စစ်ဆေးနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏ ဗုံးပေါက်လေ့ရှိတာကြောင့် စစ်ကောင်စီတပ်တွေက လုံခြုံရေးချ စောင့်ကြည့်မှုတွေ အချိန်ပြည့်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက် ဒီနေ့ မွန်းတည့်  ၁၂ နာရီလောက်ကလည်း  စမ်းချောင်း မုန့်တောင်ရုံးနားမှာ ဗုံးပေါက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားတွေ၊ စစ်ကောင်စီသတင်းပေး ဒလန်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သုတ်သင်ရှင်းလင်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့နဲ့ ကင်းရှင်းစွာနေထိုင်ပေးဖို့ မြေအောက်တော်လှန်ရေးသမားတွေက  တောင်းဆိုထားပါတယ်။ 

ပြည်သူတွေကို ထိခိုက်မှာစိုးရိမ်တာတွေကြောင့် တချို့ကိစ္စတွေ မလုပ်ဆောင်ဖြစ်တာတွေ များစွာရှိတယ်လို့လည်း တော်လှန်ရေးလူငယ်တွေက ပြောပါတယ်။

1 year Ago
Up