ကျွဲ၊ နွား  ၂၀၀၀၀

May 11, 2020

ရမည်းသင်းတွင် လေပြင်းကြောင့် နေအိမ် ၄၂ လုံး ပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံး

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ မေလ ၁၀ ရက် နေ့လယ်က မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၂ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။ ရမည်းသင်းမြို့နယ် ရွှေစည်းခုံရပ်ကွက် အောင်မင်္ဂလာရပ်ကွက်၊ ဝါးတိုးရပ်ကွက်၊ မြို့မရပ်ကွက်၊ အိုင်တိုကျေးရွာအုပ်စု ဆတ်ထိုးကြီး ကျေးရွာအုပ်စု လွှစင်ကျေးရွာအုပ်စု ဆည်ကန်ကျေးရွာအုပ်စု ဆည်ကြီးအုပ်စုတို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး သစ်ပင်တွေနဲ့ လမ်းမီးတိုင် ၁၂ တိုင်လည်း လဲကျခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသုရလင်းက ပြောပါတယ်။ "သစ်ပင်တွေ လဲကုန်တယ်၊ လမ်းမီးတိုင်တွေ လဲကုန်တယ်။ မိုးကြိုးပစ်လို့ နွား ၅ ကောင် သေဆုံးသွားတယ်။ လူနေအိမ်တွေ အမိုးလန် ပျက်စီးတယ်။ လေဘေးသင့်သူတွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်ပြီး သင့်တော်ရာကို နေရာချထားပေးပါတယ်။" ကနဦးသတင်းတွေအရ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၇၃ သိန်းကျော်တယ်လို့ ခန့်မှန်းထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-မြို့နယ်မီးသတ်တပ်ဖွဲ့
1 year Ago

May 7, 2020

ဖြူးမြို့နယ်တွင် ဆည်ရေမရသဖြင့် ကျွဲ၊ နွား  ၂၀၀၀၀ ခန့် ရေအခက်အခဲရှိနေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ  ငမြွေဆည်ကနေ ရေမရရှိတော့လို့ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်တဲ့ ကျေးရွာအုပ်စု ၆ အုပ်စုက ကျွဲ၊ နွား  အကောင်ရေ ၂၀၀၀၀ လောက်  သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ ဆည်မရှိခင်က အဆိုပါကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွားတွေဟာ ချောင်းရေကို နွေရာသီအထိ အသုံးပြုနိုင်ပေမယ့် ဆည်လုပ်ပြီးနောက်ပိုင်းမှာ  ဆည်ကရေလွှတ်ပေးမှသာ ဒေသတွင်း ကျွဲနွားတွေအတွက်  ရေရရှိတော့မှာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကြက်ပေါင်ချောင်းကျေးရွာနေ တောင်သူ ဦးမောင်စိုးက "ဆည်က တာတမံမလုပ်ခင်က ရေက ဆယ်နှစ်ရာသီ မပြတ်ဘူး။ အခုဆည်လုပ်ပြီး ပိတ်လိုက်တော့ ချောင်းထဲမှာရေကို မရှိတော့ဘူး။ ဆည်ကလည်းရေမလွှတ်ပေးနိုင်တော့  ကျွဲ၊ နွားတွေအတွက် တော်တော် အခက်အခဲဖြစ်နေတယ်"လို့ ပြောပါတယ်။ အရင်နှစ်တွေက ဆည်ရေကို ကျွဲ၊ နွားတွေအတွက် ချန်ပြီး လွှတ်ပေးခဲ့ပေမဲ့ အခုနှစ်မှာတော့ ဆည်အတွင်း ပြုပြင်စရာရှိနေလို့ ရေပေးနိုင်တဲ့ ရေထုတ်ပြွန်အောက်အထိ ရေကို လျှော့လိုက်တာကြောင့် ရေပေးဝေနိုင်ခြင်းမရှိတော့တာလို့ ဆည်တာဝန်ခံက ပြောပါတယ်။ အဆိုပါငမြွေဆည်ကို ၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရေလွှတ်ဧရိယာအတွင်းမှာ ကြံစိုက်ပျိုးဖို့နဲ့ ဇေယျဝတီသကြားစက်ကို ရေပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ကြံစိုက်ပျိုးတာ မရှိတော့လို့ အခုအချိန်မှာ သကြားစက်ကို ရေပေးတာတခုတည်း လုပ်ဆောင်နေကြောင်း ဆည်တာဝန်ခံထံက သိရပါတယ်။  ကျော်အောင်(ကညွတ်ကွင်း)
1 year Ago
Up