ကျေးရွာအုပ်ချုပ်ရေးမှူး

December 2, 2021

ကံမမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက တပ်သားသစ် အတင်းအကျပ်စုဆောင်းနေ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီက ခိုင်းလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တပ်သားသစ် အတင်းအကျပ် စုဆောင်းနေတယ်လို့ သေခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး တချို့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေက ထောက်ပို့အတွက် ပြောပြီး လူစုစာရင်းကောက်တာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။      

ရွာရဲ့ လူဦးရေအပေါ်မူတည်ပြီး တရွာကို ၅ ယောက်ကနေ အယောက် ၂၀ အထိ လိုက်ရမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်နေတယ်လို့ အမည်မဖော်လိုသူ ရွာသားတယောက်က ပြောပါတယ်။

“သူတိုက ထောက်ပို့အတွက်သုံးဖို့လို့ပြောတယ်၊ တကယ်က တပ်သားအသစ်စုဆောင်းတာ၊ လူသားဒိုင်းဖြစ်သွားနိုင်တယ်။ ဘယ်သူမှမလိုက်ချင်ကြလို့ အုပ်မှူးတွေ အကြပ်ရိုက်နေပြီ။ တပ်ထောက်ခံတဲ့ကောင်တွေလည်း မလိုက်ကြဘူးဗျ။" 

ကျောက်ပန်းတောင်း ရွာဘက် မနေ့က အစည်းအဝေးခေါ်ပြီး လိုက်ချင်တဲ့သူ မရှိတဲ့အတွက် မဲနှိုက်ခိုင်းတယ်လို့ ဆိုပါတယ်။

“မဲမနှိုက်ပဲ ပြန်လာကြတယ်ကြားတယ်။ အချို့ရွာတွေက လူစာရင်းပါ ပေးပြီးသွားပြီလို့ ကြားထားတယ်။ ကြောက်တတ်တဲ့ အုပ်ကြီးတွေကတော့ နောက်ရက်မှ သူများနောက်က လိုက်လုပ်လိမ့်မယ်။ စစ်ကောင်စီက ကောက်ခိုင်တာလား စာပြဆိုတော့ ဒါက လှိူ့၀ှက်အမိန့်ဖြစ်လို့ စာပြစရာမလိုဘူး ပြောတယ်။”

ပြီးခဲ့တဲ့ရက်ကလည်း မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲမှာ အခုလို တရွာကို လူ ၅ ယောက်နှုန်း တပ်သားသစ်စုဆောင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 months Ago

November 13, 2021

လှိုင်သာယာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်  နိုဝင်ဘာ ၁၃ ရက်  မနက် ၁၁ နာရီခွဲလောက်က  စစ်ကောင်စီတပ်စွဲထားတဲ့  မိုးလုံလေလုံအားကစားရုံနဲ့  မနီးမဝေးမှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူမှာ  ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထက် ဖြစ်ပြီး တပည့်ဖြစ်သူတွေနဲ့အတူ ရှိနေစဉ် ကနောင်မင်းသားကြီးလမ်းက  မော်ဒန်(KTV-2) အနီးမှာ ပစ်ခတ်ခံလိုက်ရတာလို့ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကိုထက်ကို လှိုင်သာယာမြို့နယ် ဒလန်ရှင်းလင်းရေးအဖွဲ့က သတင်းရလို့ စောင့်ကြို ပစ်ခတ်ခဲ့တာလို့   ဒလန် ရှင်းလင်းရေးအဖွဲ့  တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးဟာ  လက်နက်ကိုင်အစောင့်တပ်တွေထားပြီး ရပ်ကွက်ထဲသွားလာလေ့ရှိကာ ပြည်သူတွေကို ဖိနှိပ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့လည်း  လှိုင်သာယာမြို့နယ်  ဒလန် ရှင်းလင်းရေးအဖွဲ့ က ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ထား​တယ်လို့  သိရပြီး သေနတ် ဒဏ်ရာအခြေအနေကိုတော့ မသိရသေးပါဘူး။

2 months Ago
More News
Up