ကျူးဘား

January 22, 2021

ဘိုင်ဒင်လက်ထက်တွင် ပျော့ပျောင်းသည့် ၂ နိုင်ငံဆက်ဆံရေး ပြန်စရန် ကျူးဘားလိုလား

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်အနေနဲ့ အိုဘားမားလက်ထက်ကလို  ပျော့ပျောင်းတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်စမယ်လို့ ကျူးဘားက  မျှော်လင့်နေပါတယ်။  "ကျူးဘားပြည်သူတွေကို ထိခိုက်စေပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေး မြင့်တက်အောင် ဘာမှ မလုပ်တဲ့ကျူးဘားဆိုင်ရာ ထရမ့်မူဝါဒတွေကို ပြောင်းပြန်လုပ်ပစ်မယ်"လို့ အိုဘားမား လက်ထက်က ဒုသမ္မတ ဖြစ်ခဲ့တဲ့ ဘိုင်ဒင်က မဲဆွယ်တုန်းက  ပြောဆိုထားပါတယ်။  "ဘိုင်ဒန်ရဲ့ ကတိကဝတ်တွေဟာ  သူနဲ့ အိုဘားမား ချန်ထားတဲ့ အရာကို ပြန်စတင်ဖို့ ညွှန်းနေတယ်"လို့လည်း အမေရိကန်ရေးရာ ကျူးဘားထိပ်တန်း သံတမန် ကားလို့စ်ဖာန်ဒက်ဇ် ဒယ်ကော်ဆီယိုက ပြောပါတယ်။  အမေရိကန်အစိုးရနဲ့ပတ်သက်လို့ ကျူးဘားရဲ့ ထိပ်တန်းမျှော်လင့်ချက် တစ်ခုက ဟားဗားနားက အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြန်ဖွင့်ပေးဖို့နဲ့ ဗီဇာကိစ္စ ပြန်ဆောင်ရွက်ပေးဖို့ပါ။  ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေမှာ အမျိုးအမည်မသိ ရောဂါဆန်း ရခဲ့ပြီးနောက် အမေရိကန် အစိုးရက ကောင်စစ်ဝန်ရုံးကို ပိတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago

December 17, 2020

ကျူးဘားရောက်သံတမန်များ မိုက်ခရိုဝေ့လှိုင်းကြောင့် ကျန်းမာရေးပြဿနာ ခံစားနေရဟု အမေရိကန် ပြော

ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ အမေရိကန်သံတမန်တွေ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာနဲ့ စွမ်းအားမြင့် မိုက်ခရိုဝေ့လှိုင်းတွေ ဆက်စပ်နေတယ်လို့ အမေရိကန် အမျိုးသားသိပ္ပံတက္ကသိုလ်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ရေဒီယိုလှိုင်း စွမ်းအင်ဟာ ကျူးဘားနဲ့ တရုတ်နိုင်ငံတို့မှာရှိတဲ့ အမေရိကန် သံတမန်တွေမှာ ဖြစ်နေတဲ့ နားလည်ဖို့ခက်တဲ့ဖြစ်ပျက်ပုံတွေကို ရှင်းပြဖို့ ဖြစ်နိုင်ချေ အရှိဆုံး နည်းလမ်းပဲလို့ အမေရိကန် အမျိုးသားသိပ္ပံအင်ဂျင်နီယာနဲ့ ဆေးဘက် တက္ကသိုလ်က ဖွဲ့စည်းထားတဲ့ တည်ဆဲ ကော်မတီက ကောက်ချက်ချခဲ့ပါတယ်။  ကျူးဘားအစိုးရကတော့  အမေရိကန်ရဲ့ အစီရင်ခံစာကို ဒီဇင်ဘာ ၁၅ ရက်မှာ ပယ်ချခဲ့ပါတယ်။ ခိုင်လုံတဲ့ ထောက်ခံချက်တွေ ထုတ်ပြန်နိုင်ပြီး ရောဂါဖြစ်ရတဲ့ ဆေးဘက်ဆိုင်ရာ စရိုက် လက္ခဏာတွေကို အဓိပ္ပာယ် သတ်မှတ်ရာမှာ ဒီအစီရင်ခံစာက တိုးတက်မှုတွေ ရှိတာကို အသိအမှတ် ပြုပေမယ့် ရောဂါဖြစ်ရတဲ့ အကြောင်းရင်းရဲ့ နောက်ဆုံး ကောက်ချက်ကိုတော့ ကျူးဘား သိပ္ပံအထူးပညာသင်တက္ကသိုလ်က သဘောမတူဘူးလို့ တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ သံတမန်တွေနေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြင်းအားမြင့် ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းတွေ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံဆိုင်ရာ သက်သေကို ဒီအစီရင်ခံစာက မပေးနိုင်ဘူးလို့ ဦးနှောက်နဲ့ အာရုံကြော ပါရဂူက ပြောပါတယ်။ ဒါဟာ ဖြစ်နိုင်ချေ မရှိသေးဘဲ သက်သေပြနိုင်တဲ့ အချက်လည်း မဟုတ်သေးလို့ မှန်းဆချက် အဆိုကြမ်း အနေနဲ့တော့ ထည့်သွင်း စဉ်းစားနိုင်တယ်လို့ သူက ထောက်ပြ ပါတယ်။  ၂၀၁၇ ခုနှစ်က စပြီး ကျူးဘားနိုင်ငံမှာ နေတဲ့ အမေရိကန်သံတမန်တွေနဲ့ သူတို့ ဆွေမျိုး သားချင်းတွေဟာ အကြားအာရုံ ဆုံးရှုံးတာ၊ နားထဲမှာ အသံတွေ မြည်နေတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ မူးနောက်တာ စတဲ့ ဝေဒနာတွေကို ခံစားရတယ်လို့ အစီရင်ခံ ထားပါတယ်။  ဒါတွေဟာ အနုစားဦးနှောက် ထိခိုက်မှု ဆက်တိုက်ဖြစ်ထားတဲ့ ပုံစံလို့ အမေရိကန် အစိုးရက ဆိုပြီး ဟာဗားနားရောဂါလက္ခဏာ စုလာဆင်ဒရုမ်း လို့ နာမည်ပေးထားပါတယ်။  ကျူးဘားအစိုးရကတော့ ဒေါ်နယ်ထရမ့် အစိုးရက သူ့သံတမန်တွေ လျှို့ဝှက်လက်နက် တချို့နဲ့ တိုက်ခိုက်ခံရတယ်လို့ စွပ်စွဲ ပြီး အသရေ ဖျက်နေတာလို့ ပြောရင်း စွဲချက်တွေကို ပယ်ချ ထားပါတယ်။
5 months Ago
More News
Up