ကျုံပျော်မြို့

November 3, 2021

DVB၊ VOA၊ BBC၊ RFA မီဒီယာများကို ဆန့်ကျင်ကြရန် ကျုံပျော်မြို့ စစ်တပ်ထောက်ခံပွဲတွင် လှုံ့ဆော်

DVB ၊ VOA ၊ BBC ၊ RFA စတဲ့ သတင်းမီဒီယာတွေကို  နားမယောင်ဘဲ   ဆန့်ကျင်ကြဖို့  နိုဝင်ဘာ ၃ ရက် ဒီနေ့မနက် ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ စည်းရုံးလှုံ့ဆော်  ပြောသွားပါတယ်။ 

စစ်တပ်ထောက်ခံအမျိုးသမီးတဦးက “ဒေါ်လာစားပြီး ပြည်ဖျက်နေတဲ့ မီဒီယာတွေ မရှိဘူးလား။ ဒေါ်လာစားပြီး ပြည်ဖျက်တယ်၊ သတင်းမှန်ကို သတင်းမှား ဖြစ်အောင်လုပ်တယ်။ ကျမတို့ ပြည်တွင်းရေးကို နိုင်ငံတကာ အရေးဖြစ်အောင်၊ ဒေါ်လာစားပြီး ပြည်ဖျက်နေတဲ့ မီဒီယာတွေကိုရော ဆန့်ကျင်ဖို့ မလိုဘူးလား။ VOA ၊ BBC ရန်တိုက်ပေးနေသည်။  RFA ၊ DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းထဲက လူသတ်သမား နားမယောင်လေနဲ့ သတိထား”လို့ စင်မြင့်ပေါ်ကနေ မိန့်ခွန်းပြောရာမှာထည့်သွင်းပြောဆိုသွားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲမှုတွေကို  NLD က လုပ်ဆောင်နေတာ  ဖြစ်တယ်တယ်လို့လည်း  စစ်တပ်ထောက်ခံသူက စွပ်စွဲပြောကြားလိုက်ပါတယ်။

“PDFဟာ NUG က ပေါက်ဖွားတာ NUG ဆိုတာ CRPH ပေါက်ဖွားလာတယ်။ CRPH ဆိုတာ NLD ပါတီဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်နေတာ NLD ပါတီဖြစ်တယ်။ ဒီလို အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲနေတဲ့ပါတီကို ဖျက်သိမ်းပေးဖို့လိုတယ်” လို့ ကျုံပျော်မြို့ စစ်တပ်ထောက်ခံပွဲမှာ လှုံ့ဆော်ပြောဆိုခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားလို့ မဟုတ်ဘဲ စစ်တပ်ကို အင်အားနည်းစေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလကုန်ပိုင်း  အာဆီယံထိပ်သီးအစည်းအဝေး စတင်ခါနီးအချိန်ကစလို့  မြန်မာပြည်တွင်းက မြို့ကြီးတချို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွေကို စစ်ကောင်စီက စီစဉ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ လူ ၅ ဦးထက် ပိုမစုဖို့ အမိန့်ထုတ်ထားသလို၊ စစ်ကောင်စီ ကျန်းမာရေးဌာနက လူ ၁၀၀ ထက်ပိုစုဝေးပါက အရေးယူမယ်လို့  အမိန့်ထုတ်ထားပေမဲ့ အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွေကိုတော့ လူအင်အားအများအပြားနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

4 weeks Ago

September 26, 2021

ကျုံပျော် ထွေအုပ်ရုံးနှင့် ရဲစခန်းအနီး ဗုံးပေါက်

ဧရာဝတီတိုင်း၊ ကျုံ​ပျော်မြို့ရှိ မြို့နယ်​အ​ထွေ​ထွေအုပ်ချုပ်​ရေးရုံးနဲ့ ရဲစခန်းအနားမှာ စက်တင်ဘာ ၂၆ ရက်​​ မနက် ၁၀ နာရီလောက်က  ဗုံးဖောက်ခွဲခဲ့တယ်လို့  ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေး ပြည်သူ့ လှုပ်ရှားမှုအဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။

ကျုံပျော်မြို့နယ်ရဲ့ ရုံးကြီး၀င်းအတွင်းက ကော်မရှင်ရုံးရှေ့၀င်ပေါက်အနီး မြက်ခင်းပြင်မှာ ဗုံး ပေါက်တာဖြစ်ပြီး မြို့နယ်တွင်းက စစ်ကောင်စီလက်ပါးစေတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာ ဖြစ်တယ်လို့ ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကျုံ​ပျော်မြို့​ခံတစ်ဦးက "မနက် ၁၀ နာရီ​ကျော်​လောက်က ​ထွေအုပ်ရုံးဘက်၊ ရုံးကြီးအ​ရှေ့လမ်း​ပေါ်မှာ ဗုံး​ပေါက်တာ အသံကျယ်တယ်၊ လူ​တွေထိခိုက်မှု မရှိ​ဘူးလို့တော့ ကြားတယ်။ အခု စစ်သား​တွေ​ရောက်ပြီး လမ်းသွား ၊လမ်းလာ​တွေကို စစ်တာလုပ်တယ်"လို့ ပြောပါတယ်။

ကျုံပျော်မြို့က စစ်သားနဲ့ရဲတွေအနေနဲ့  CDM လုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့နဲ့ စစ်ကောင်စီလက်အောက်မှာပဲ ဆက်လက်တာ၀န်ထမ်းဆောင်မယ်ဆိုရင် ကျုံပျော်စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့က အမြစ်ပြတ်သုတ်သင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

2 months Ago
Up