ကျမ်းကျိန်

May 21, 2019

ဟာသမင်းသား ဗိုလို ဒီမီယာ ဇေလန်စကီ ယူကရိန်းသမ္မတအဖြစ် ကျမ်းကျိန်

ယူကရိန်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဟာသမင်းသား ဗိုလို ဒီမီယာ ဇေလန်စကီဟာ ယူကရိန်းသမ္မတ ရာထူးအတွက် မေလ ၂၀ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခမ်းအနားမှာ ဇေလန်စကီဟာ ယူကရိန်းသမ္မတ တယောက်ရဲ့ မင်းမြှောက်တန်ဆာ သုံးခုကိုလည်း လက်ခံရယူခဲ့ပါတယ်။ အရင်က နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဟာသမင်းသား ဇေလန်စကီဟာ ဧပြီလရွေးကာက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ Servant of the People ပါတီဟာ လွှတ်တော်ထဲမှာ နေရာမရှိသေးပါဘူး။ အဲဒါကြောင့် Servant of the People ပါတီဟာ လာမယ့် ယူကရိန်းလွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ များပေမယ့် လွှတ်တော်အမတ်နေရာ အများစုတော့ မဟုတ်တော့ဘူးလို့ အခုအပတ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတခုက ဖော်ပြပါတယ်။ သမ္မတရာထူးအပ်နှင်းပွဲ အခမ်းအနားမှာ ဇေလန်စကီက ပထမဆုံးအနေနဲ့ ယူကရိန်း အရှေ့ပိုင်း အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရုရှား ကျောထောက်နောက်ခံပေးတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ငါးနှစ်ကြာ ပဋိပက္ခအတွင်း လူပေါင်း တသောင်းသုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။ ရုရှားက ယူကရိန်းရဲ့နယ်မြေကို ပြန်ပေးပြီး စစ်သုံ့ပန်းတွေကို လွှဲပြောင်းပေးဖို့ ရုရှားနဲ့ ဆွေးနွေးမယ်လို့ ဇေလန်စကီက ထပ်လောင်း ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း သူ့အနေနဲ့ ယူကရိန်းသမ္မတသစ် ဇေလန်စကီကို ဂုဏ်ပြုပေးဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကို့ဗ်က မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်း အရှေ့ဘက်ဒေသမှာ ပဋိပက္ခတွေ တည်ငြိမ်အောင် စွမ်းဆောင်နိုင်ပြီး ရုရှားနဲ့ ဆက်ဆံရေးကို ပြန်ပြင်နိုင်မယ်ဆိုရင် ယူကရိန်းသမ္မတ ဇေလန်စကီကို ပူတင်က ဂုဏ်ပြုစကား ပါးလိမ့်မယ်လို့ သူက ပြောပါတယ်။ အကျင့်ပျက်ခြစားမှုအပြင် လူနေမှုအဆင့်အတန်းလည်း ကျဆင်းခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားဆီကနေ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းသုံးဆယ်နီးပါး ကာလအတွင်း ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရှိနေခဲ့တာပါ။
2 years Ago

February 8, 2019

တရားသူကြီးများ တရားခွင်တွင် ကျမ်းကျိန်ရန် အမျိုးသားလွှတ်တော် အတည်ပြု

တရားသူကြီးတွေအနေနဲ့ တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုကြဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ပြည်သူတွေ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်စေဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး တရားသူကြီးတွေဟာ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းကျိန်ပြီးဖြစ်တာကြောင့် မှတ်တမ်းအဖြစ်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြောပေမယ့် အဆိုရှင်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများလို့ အဆိုကို အတည်ပြုလိုက်တာပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က “အခုလို အဆိုကို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်မဖြစ် ဆိုတာကတော့ တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့သူတွေပေါ်မှာပဲ မူတည်တယ်။ တရားလွှတ်တော်ချုပ် အပိုင်းကနေ တခြားအပိုင်းတွေကနေ ထိန်းကျောင်းတာတွေလည်း လုပ်ဆောင်နေတယ်” လို့  ပြောပါတယ်။ လက်ရှိတရားခွင်တွေမှာ တရားသူကြီးတွေဟာ ကျမ်းကျိန်တာမရှိဘဲ အမှုတွေကို စီရင်နေတာ ဖြစ်ပါတယ်။ ဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၄ ဦး ထောက်ခံဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။
2 years Ago
More News
Up