ကေအန်ယူ

May 10, 2021

ကေအန်ယူနှင့် BGF တပ်များ တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၅)နဲ့ စစ်ကောင်စီလက်အောက်ခံ BGFတပ်တို့  မေလ ၉ ရက်နေ့က  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက်က  ပြောပါတယ်။

ကမမောင်းအနီး၊ တံတားဦးဘက်မှာ မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အထိအခိုက်၊ အကျအဆုံး ရှိမရှိကိုတော့ မြေပြင်သတင်းမရသေးဘူးလို့ KNU/KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေဟာ ကမမောင်းအထက်ဘက်မှာရှိတဲ့ တံတားဦးမှာ  သံလွင်ကိုဖြတ်ကူးပြီး ဒီဘက်ကို ရောက်ရှိလာတာကြောင့် KNLA တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

BGF အနေနဲ့ ပြည်သူ့ဘက်ကရပ်တည်ပြီး ကေအန်ယူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တောင် ကိုယ့်နေရာမှာပဲ ကိုယ်နေဖို့လိုတယ်လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က သတိပေးပါတယ်။

“BGFကျတော့ စစ်ကောင်စီလက်အောက်မှာ နေရတဲ့အပေါ်မှာ အခုလို ပြည်သူတွေက စစ်ကောင်စီကို မထောက်ခံတဲ့အပေါ်မှာ သူတို့အနေနဲ့လည်း မထောက်ခံဖို့ လိုအပ်တာပေါ့နော်။ ပြည်သူတွေဘက်က ရပ်တည်ပြီးတော့ ကျနော်တို့နဲ့လာပြီးတော့ ပူးပေါင်းမယ်ဆိုရင်လည်း ပူးပေါင်း။ မပူးပေါင်းပေမယ့်လည်း ကိုယ့်နေရာမှာ ကိုယ်နေပြီးတော့ ပြည်သူကို ထောက်ခံပြီးတော့ ကိုယ့်နေရာမှာပဲ ကိုယ်နေပြီးတော့ စစ်ကောင်စီရဲ့ အမိန့်ပေးတာကို မလိုက်နာဖို့ လိုအပ်တယ်။”

ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲကို အင်အားတိုးချဲ့တာတွေ လုပ်လာဦးမယ်ဆိုရင်တော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

1 day Ago

April 3, 2021

တပ်မတော်ကို နိုင်ငံတကာက လက်နက်ရောင်းချမှုပိတ်ပင်ရန် ကေအန်ယူတောင်းဆို

လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်နေတဲ့ တပ်မတော်ကို ဖျက်အားပြင်းလက်နက်ကြီးတွေ၊ လက်နက်တွေ၊ လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေ ရောင်းချတာကို နိုင်ငံတကာက ပိတ်ဆို့ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က  ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက သာလွန်အင်အားအသုံးပြုပြီး မတ်လ ၂၇ ရက်နေ့က ဖာပွန်ခရိုင် ညောင်လေးပင်ခရိုင်က ပြည်သူတွေကို  ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ကေအန်ယူကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ရပ်ကြောင့် လူမမယ်ကလေးတွေ ကျောင်းသားတွေ အပါအဝင်လူပေါင်းများစွာ သေဆုံးခဲ့ပြီး လူနေအိမ်တွေ စာသင်ကျောင်းတွေ ပျက်စီးခဲ့တာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်က ပြည်တွင်းစစ် ကျယ်ပြန့်စွာဖြစ်ပေါ်ရေးကို တွန်းပို့နေပြီး နိုင်ငံရဲ့စည်းလုံးညီညွတ်ရေးနဲ့လွတ်လပ်ရေးအလုံးစုံကို ပျက်သုဉ်းရေးကို ဦးတည်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

Photo-DSINFO

1 month Ago

သထုံမြို့နယ်တွင် ကေအန်ယူနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာ၊ တလာအောဖိုးကလားမှာ ဧပြီ ၂ ရက်၊ ည ၈ နာရီလောက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ လက်အောက်ခံတပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တို့ တိုက်ပွဲ​ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂ နဲ့ စစ်ကောင်စီရဲ့လှုပ်ရှားစစ်ကြောင်းတို့ မိနစ် ၂၀ လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

"မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ ပိန္နဲတောမှာရှိတဲ့ တပ်စခန်းက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဘယ်နားမှာ ကျလို့ကျတယ်မသိဘူး။ အနားမှာရှိတဲ့ ရွာသူရွာသားတွေအတွက် စိုးရိမ်တယ်။ ထိခိုက်တာရှိမရှိက  မသိရသေးဘူး။ လတ်တလောမှာ စစ်ရေးတင်မာမှုတွေက ရှိနေတယ်" လို့ တာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၇ ရက်နေ့က စစ်ကောင်စီရဲ့တပ်နဲ့ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု​တွေ ပါဝင်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ  ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဒေသခံရွာသူရွာသား ၁၀၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဧပြီ ၁ ရက်မှ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

1 month Ago
More News
Up