ကနေဒါ

July 24, 2019

ကနေဒါတွင် သားပေါက်ရန် နေရပ်ပြန်မည့် ဆယ်လ်မွန်ငါးများကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေး

ကနေဒါနိုင်ငံထဲက ဆယ်လ်မွန်ငါးတွေ နေရပ်ပြန်တဲ့ မြစ်ကြောင်းမှာ ကျောက်တုံးတွေ ပြိုကျနေတာကြောင့် ဆယ်လ်မွန်ငါးတွေကို ရဟတ်ယာဉ်နဲ့သယ်ပြီး ရွှေ့ပြောင်းပေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာပြည်နယ် မြောက်ပိုင်းက ဖရေဇာမြစ်ကြောင်းမှာ ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျနေပြီး ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက အခုလို ပြိုကျနေတာလို့ အာဏာပိုင်တွေက ယူဆကြပါတယ်။ ဝေးလံတဲ့နေရာမှာ တည်ရှိနေတာကြောင့် အဲဒီမြစ်ကြောင်းမှာ ကျောက်တုံးတွေ ပြိုကျနေတာကို ၂၀၁၉ ခုနှစ် ဇွန်လအထိ မသိခဲ့ရပါဘူး။ ပြိုကျနေတဲ့ ကျောက်တုံးတွေက ရေတံခွန်လို ဖြစ်နေတာကြောင့် သားပေါက်ဖို့ နေရပ်ပြန်လာတဲ့ ဆယ်လ်မွန်ငါးတွေရဲ့ ရေဆန်လမ်းကြောင်းမှာ အဟန့်အတား ဖြစ်နေတာပါ။ ဒါ့ကြောင့် ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရတွေဟာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး မြစ်ထဲက ဆယ်လ်မွန်ငါးတွေကို ကန်တခုထဲထည့်၊ အဲဒီကနေ ရဟတ်ယာဉ်နဲ့သယ်ပြီး နောက်ထပ် မြစ်ကြောင်းတခုကို ပို့ဆောင်ပေးနေပါတယ်။ ဒါ့အပြင် မြစ်ကြောင်းထဲကနေ ကျေက်စိုင်တွေကို ဖယ်ထုတ်ပြီး ငါးတွေနားနေနိုင်ဖို့ သဘာဝရေကန်တွေ ဖန်တီးပေးဖို့လည်း လုပ်ဆောင်ပေးနေပါတယ်။ သားပေါက်ဖို့ နေရပ်ပြန်တဲ့ ခရီးတလျှျောက်မှာ ဆယ်လ်မွန်ငါးတွေရဲ့ အခြေအနေကို  ကနေဒါအာဏာပိုင်တွေက ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago

July 10, 2019

ကနေဒါ မိုတယ်တခုတွင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ယိုစိမ့်၊ လူ ၄၆ ဦး ဆေးရုံတင်ပို့

ကနေဒါနိုင်ငံ မန်နီတိုဘာပြည်နယ် ဝင်နီပတ်မြို့က မိုတယ်တခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ယိုစိမ့်တာကြောင့် လူ ၄၆ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး အဲဒီထဲက ၁၅ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဝင်နီပတ်မြို့ အာဏာပိုင်တွေက ဇူလိုင် ၉ ရက်နေ့မှာ ပြောပါတယ်။ ဓာတ်ငွေ့ယိုစိမ့်တာကြောင့် Super 8 မိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ဝင်နီပတ်မြို့ မီးသတ်နဲ့ ဆေးဘက်အကူဌာန အကြီးအကဲက အခင်းဖြစ်တဲ့မိုတယ်ကို ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၃၀ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။ မန်နီတိုဘာ ဟိုင်ဒရိုဓာတ်ငွေ့ကုမ္ပဏီက အဲဒီမိုတယ်ကို ပို့လွှတ်ပေးတဲ့ ဓာတ်ငွေ့လိုင်းကို ပိတ်ချလိုက်ပြီး အဆောက်အဦတခုလုံး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခဲ့တယ်လို့ ကုမ္ပဏီရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဓာတ်ငွေ့ယိုစိမ့်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
2 years Ago
More News
Up