စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံထားတဲ့ စစ်ကောင်စီဒေါက်တိုင် Super One KTV ဆိုင်ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ Black Rangers Force (BRF) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မုံရွာသံမဏိပြောက်ကျားတပ်ဖွဲ့အမေ့သား ဦးဆောင်ပြီး Black Rangers Force တို့က ဇန်နဝါရီ ၇ ရက်မှာ အဲဒီဆိုင်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ဝင်ရောက်ပစ်ခတ်သတိပေးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဆိုင်ကို အရင်ကလည်း အကြိမ်ကြိမ် သတိပေးတဲ့အနေနဲ့ အသေးစားပစ်ခတ်မှု ပြုလုပ်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံတာတွေကို ရပ်တန့်ပြီး ဆိုင်ကို အချိန်အကန့်အသတ် တခုထိ ပိတ်ပေးဖို့လည်း Black Rangers Force (BRF) အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ဆိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ မိန်းကလေးတချို့ရဲ့ နောက်ကြောင်းနဲ့ ပုံတွေကိုလည်း သိထားတာမို့ မလိုက်နာပါက အဆိုပါ မိန်းကလေးတွေရော ဆိုင်ရှိ တခြားဝန်ထမ်းတွေ အားလုံးရဲ့ အသက်ကိုပါ အာမမခံနိုင်ကြောင်းနဲ့ ဆိုင်ကိုပါ ထပ်မံဖောက်ခွဲ ဖျက်ဆီးမယ်လို့လည်း သတိပေးထားပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ SKY WAY CLUB & KTV ဆိုင်၊ Brave Bar နဲ့ ယာဥ်ထိန်းရဲကင်းတဲ ၁ ခု တို့မှာ မတ်လ ၈ ရက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အလုံမြို့နယ် ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က ယာဥ်ထိန်းရဲကင်းတဲမှာ ဒီနေ့ ည ၈ နာရီခွဲကျော်က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီကို အခွန်ပေးဆောင်နေတဲ့ SKY WAY CLUB နဲ့ KTV မှာလည်း ဒီနေ့ ည ၈ နာရီ ကျော်လောက်ကပဲ ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့က ကြေညာပါတယ်။
ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို အတိအကျ မသိရသေးသလို လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “ည ၈ နာရီ ကျော်လောက်က ပေါက်ကွဲတာ။ ညဆိုတော့ အသံသာကြားလိုက်တာ။ လူထိခိုက်တာ မသိသေးဘူး” လို့ ပြောပါတယ်။
အလားတူ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar မှာလည်း ဒီနေ့ညနေက ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
တိုက်ခိုက်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာတဲ့ သတင်းတွေမကြားသိရပေမဲ့ Brave Bar ဆိုင်ရဲ့ အဆောက်အအုံနဲ့ မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ တယ်လို့ ဆိုပါတယ်။
Brave Bar ကို ဒီကနေ့ ညနေ ၃ နာရီလောက်က တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့ အများပြည်သူတွေအနေနဲ့ ခရိုနီစစ်အုပ်စုပိုင်ဆိုင်တဲ့ နေရာတွေကို သွားလာတာမပြုလုပ်ဖို့ တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (JBF) က ထုတ်ပြန်ကြေညာပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား၊ သူတို့ရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့ကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပြီး အထူး တိုက်ခိုက် ချေမှုန်းမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အရက်ဘားဆိုင်တွေဟာ စစ်ကောင်စီကို အားပေးအားမြှောက် ပြုလုပ်နေရုံသာ မကဘဲ လူငယ်တွေရဲ့ ရှေ့အနာဂတ်ကိုပါ ဖျက်ဆီးနေတာဖြစ်လို့ နောက်တစ်ခါဆို ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ (Justice Bringer Force-JBF)က သတိပေးပါတယ်။
Photo Credit- SKY WAY& Brave Bar