ကူးစက်ခံရသူ

September 8, 2020

စပိန်တွင် ကျောင်းများပြန်ဖွင့်ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅ သိန်းကျော်ရှိ

စပိန်နိုင်ငံမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုဗစ်-၁၉ ကူးစက်မှုတွေ ဒုတိယအကြိမ် ထိုးတက်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်က အနောက်ဥရောပမှာ ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်ရှိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ စပိန်နိုင်ငံမှာ စက်တင်ဘာ ၄ ရက်က ၂၄ နာရီအတွင်း ကူးစက်သူ ၂,၄၀၀ ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ မကြာသေးခင်က ကူးစက်မှုတွေဟာ  ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်တာကြောင့် ရောဂါလက္ခဏာမပြတဲ့ လူငယ်တွေအကြား အဖြစ်များနေပါတယ်။   ဒါ့အပြင် သေဆုံးနှုန်းဟာလည်း နေ့စဉ်ပုံမှန် ၈၀၀ ကျော်ရှိတဲ့ မတ်လနဲ့ ဧပြီလ အမြင့်ဆုံး  အခြေအနေထက် အများကြီးလျော့နည်းပါတယ်။  ကိုဗစ်လူနာတွေကို ကုသဖို့တော့ ဆေးရုံတွေမှာ ခုတင်တွေကို လုံလုံလောက်လောက်  ထားရှိပါတယ်။  ကပ်ရောဂါ စဖြစ်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန်ရဲ့ စုစုပေါင်း သေဆုံးနှုန်းဟာ  ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး အီတလီ၊ ဗြိတိန်နဲ့ ပြင်သစ်တို့ထက် လျော့နည်းပါတယ်။  စက်တင်ဘာ ၇ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ ၈ ယောက်ရှိပြီး အခုချိန်ထိ သေဆုံးသူပေါင်း ၃၀,၀၀၀ နီးပါးရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
8 months Ago

April 29, 2020

ပီရူးနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာ

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၀၀၀၀ ကျော်သွားပြီး ရောဂါနဲ့ဆက်နွှယ်တဲ့ သေဆုံးသူ ၈၅၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်မှာ အတည်ပြု ပြောပါတယ်။ ဒါဟာ လက်တင်အမေရိကမှာ ဘရာဇီးပြီးရင် ဒုတိယအများဆုံးဖြစ်ပြီး ၉ ရက်အတွင်း ကူးစက်သူ နှစ်ဆကျော်လွန်ခဲ့တယ်လို့ ရိုက်တာစာရင်းအရ သိရပါတယ်။ ကူးစက်သူတွေ များလာတာကြောင့် ဆေးရုံတွေ မနိုင်မနင်းဖြစ်တာ၊ လူသွားစင်္ကြံတွေမှာ ရုပ်အလောင်းတွေ ထားရတာ၊ နှာခေါင်းစည်းတွေ ထပ်တလဲလဲ ပြန်သုံးရတာနဲ့   ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့  ဆေးဘက်ဝန်ထမ်းတွေ ဆန္ဒပြတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။  တချိန်တည်းဆိုသလို မြို့တော်လီမာက ဘတ်စ်ကားဂိတ်မှာလည်း လူအများအပြားက  နေရပ်ပြန်ကြဖို့ စောင့်ဆိုင်းနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေကြောင့် ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့ရပြီး  နေရပ်ပြန်လိုသူတဦးကလည်း ဘတ်စ်ကား စောင့်နေတာ ၅ ရက်၊ ၆ ရက်ရှိပြီလို့ ပြောဆိုပါတယ်။   မတ်လလယ်ကစလို့ ပီရူးမှာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး နယ်စပ်ပိတ်တာတွေ၊  လော့ဒေါင်းချတာတွေ လုပ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
More News
Up