ကိုးကန့်တောင်ကုန်း ၃ ကုန်း အစိုးရတပ်သိမ်းပိုက်၊ စစ်သည်အချို့ ကျဆုံး

June 13, 2015

ကိုးကန့်ဒေသတွင် တိုက်ပွဲများရပ်စဲရန် တရုတ်အစိုးရ တိုက်တွန်း

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေ ရပ်စဲဖို့ တရုတ်အစိုးရ တိုက်တွန်းထားတယ်။ တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားတဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ အဆုံးသတ်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်တာပါ။ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဖက်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း ပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီက “မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ ပဋိပက္ခ ရပ်စဲဖို့ ကြေညာထားတယ်လို့ သိရပါတယ်။ အခုလို တိုးတက်မှုအပေါ် ကြိုဆိုပါတယ်။  ငြိမ်းချမ်းရေးရရှိဖို့ နှစ်ဖက်အဖွဲ့တွေက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြမယ်လို့ မျော်လင့်ပါတယ်။ တရုတ်အစိုးရကတော့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ လိုလားပါတယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နှစ်ဖက်အဖွဲ့အစည်းတွေက မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ တရုတ်မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ဖို့ တရုတ်အစိုးရက စိတ်အားထက်သန်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရက ကိုးကန်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကိုဆက်သွယ်ပြီး တိုက်ပွဲရပ်ဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်တော့မယ့် တရုတ်သံအမတ် မစ္စတာ ရန်ဟို့လန်ဟာ ဇွန် ၁၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခိုက် အခုလို ပြောဆိုခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်သံအမတ်က တရုတ်ဟာ ဖုန်ကြားရှင်ကို ဆက်သွယ်ပြီး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်အနီးတ၀ိုက်မှာ ကိုးကန့်နဲ့အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄ လလောက်အကြာမှာ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။
6 years Ago

တရုတ်က ဖုန်ကြားရှင်ကို တိုက်ပွဲရပ်ရန် ဖိအားပေးပြောခဲ့ဟုဆို

တရုတ်အစိုးရက ကိုးကန်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကိုဆက်သွယ်ပြီး တိုက်ပွဲရပ်ဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်တော့မယ့် တရုတ်သံအမတ် မစ္စတာ ရန်ဟို့လန်ဟာ ဇွန်လ ၁၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခိုက် အခုလို ပြောဆိုခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်သံအမတ်က တရုတ်ဟာ ဖုန်ကြားရှင်ကို ဆက်သွယ်ပြီး တိုက်ပွဲရပ်ပြီး ပြဿ   နာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ တရုတ်သံအမတ်ဖြစ်သူ အခုလို ထုတ်ဖော်မပြောခင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ ကိုးကန့်တပ်ဖွဲ့က တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဒီလိုကြေညာတာဟာ တရုတ်ရဲ့ ဖိအားပေးပြောဆိုမှုကြောင့် မဟုတ်ဘူးလို့ ကိုးကန့်ပြောခွင့်ရသူက မီဒီယာကို ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်တိုက်ပွဲမှာ တရုတ်ပါဝင်ပတ်သက်နေသလားလို့ ဂျပန်သတင်းဌာနတခုက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုမေးမြန်းရာမှာ ပါဝင်ပတ်သက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဖြေဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "ဒီ အမ်အန်ဒီအေအေ အဖွဲ့တွေရဲ့ စားနပ်ရိက္ခာတွေ၊ နောက်လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိမှုပေါ့။ နောက် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာတွေ၊ နောက်တခါ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကိုကုသပေးတဲ့ အခြေအနေကို ကြည့်လိုက်ရင် ထင်စရာရှိပေမယ့် လက်ဆုပ်လက်ကိုင် ကျနော်တို့ ဘာမှပြလို့ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ဒါကတော့ မြင်ရတဲ့အခြေအနေ၊ နောက်တရုတ် အစိုးရအနေနဲ့လည်း တိုက်ရိုက်တော့ ကူညီပေးတဲ့ အနေအထားမျိုး မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာတော့ တူညီတဲ့လူမျိုးစုတွေဆီက ထိုက်သင့်တဲ့ အထောက်အပံ့ အကူအညီတွေတော့ သူတို့ရကောင်း ရနိုင်တာပေါ့။ Goverment နဲ့လည်း မဆိုင်လောက်ဘူးလို့ ကျနော်တို့ထင်တယ်။ သူတို့ ပုန်းလျှိုးကွယ်လျှိုးတော့ လုပ်ရင်လုပ်မှာပေါ့။ ဒါပြောလို့တော့မရဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်လောက်တဲ့ အထောက်အထားတော့ မရှိပါဘူး။ ဒါ့ကြောင့် နည်းနည်းပြောဖို့ ခက်ပါတယ်။ ဒါကတော့ တရုတ်အစိုးရနဲ့ ဘယ်လိုမှမပတ်သက်ဘူး ဆိုတာ ကျနော်တို့ ပြောလို့ရပါတယ်"လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်အနီးတ၀ိုက်မှာ ကိုးကန့်နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄ လလောက်အကြာမှာ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ်ခဲ့ပါတယ်။
6 years Ago

June 1, 2015

ကိုးကန့်နှင့် ကချင်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ကိုးကန့်ဒေသနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ဒေသတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကိုးကန့်နဲ့ ကေအိုင်အို တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။ မေ ၃၁ ရက်နေ့မှာ ကိုးကန့်ဒေသ နန်ထိန်မန်တလျှောက်နဲ့ မြောက်ဘက်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ကိုးကန့် ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ “မနေ့က ညနက်အထိ ကျနော်တို့ မြန်မာစံတော်ချိန် ည ၁၂ နာရီအထိ ဖြစ်နေတုန်းဗျာ။ ဒီနေ့တော့ ကျနော် မမေးကြည့်သေးဘူး။ ဖြစ်တာက တုံရှမ်း နမ်ထိန်မန်ရဲ့ မြောက်ဘက်ပေါ့။ မနေ့ နေ့လည်ပိုင်း ၁၁ နာရီလောက် သူတို့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။” အလားတူ အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ ကေအိုင်အေတပ်ရင်း (၂) နဲ့ တပ်ရင်း (၃၆) တွေမှာလည်း အစိုးရတပ်နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကေအိုင်အို တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကြီးကြီးမားမား တကယ့်စစ်ဆင်ရေးအကြီးနဲ့ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် ထိတွေ့တိုက်ခိုက်မှုတော့ ဖြစ်ပါတယ်။ ဒါက ကချင်ပြည်နယ်တ၀ိုက်မှာ ဖြစ်ပါတယ်။ ဟို ရှမ်းပြည်နယ်မြောက်ပိုင်း ကျနော်တို့ တပ်မဟာ ၄ နယ်မြေဘက်မှာလည်း ဖြစ်ပါတယ်။ လောလောဆယ် ကျနော်တို့လည်း အပစ်ခတ်လက်မှတ် မထိုးထားဘူးဆိုတော့ တဘက်ဘက်က လှုပ်ရှားတာနဲ့ ဖြစ်နိုင်တဲ့ အခြေအနေတော့ များပါတယ်။” ခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှု သတင်းတွေတော့ မသိရသေးပါဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတတွေ ခိုးထုတ်တာကို အကာအကွယ်ပေးနေတဲ့ ရန်သူကို တိုက်ခိုက်နေတာဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ မေ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
6 years Ago
More News
Up