ကိုပါအမေရိကဖလား

July 9, 2019

အရှုံးနှင့်ကြုံတွေ့ချိန် ပြိုင်ဘက်ကို လေးစားမှုရှိရန် မက်ဆီကို ဘရာဇီးနည်းပြ ပြော

မက်ဆီအနေနဲ့ အရှုံးနဲ့ကြုံတွေ့ချိန်မှာ ပြိုင်ဘက်ကို လေးစားမှုရှိဖို့လိုတယ်လို့ ဘရာဇီးနည်းပြ ထိထီက ပြောလိုက်ပါတယ်။ မက်ဆီဟာ ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ အာဂျင်တီးနားက ဘရာဇီးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ရှုံးနိမ့်မှု ကြုံတွေ့နေတဲ့အချိန်မှာ လေးစားမှုတွေ အများကြီးရှိဖို့ လိုအပ်ပြီး  အရှုံးကိုလက်ခံဖို့လည်း လိုအပ်တယ်လို့ ဘရာဇီးနည်းပြက ဝေဖန်သွားပါတယ်။ အာဂျင်တီးနားနဲ့ပွဲမှာ ဘရာဇီးတသင်းလုံး တရားမျှတမှုရှိရှိနဲ့ ကစားသွားခဲ့လို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ နည်းပြ ထိထီက ဆိုပါတယ်။ ဘရာဇီးအသင်းဟာ ဗိုလ်လုပွဲမှာလည်း ပီရူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၀၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကိုပါအမေရိကဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
2 years Ago

July 7, 2019

အာဂျင်တီးနားက ချီလီကို ၂-၁ ဂိုးဖြင့်နိုင်ပြီး ကိုပါအမေရိကဖလား တတိယရရှိ (ရုပ်သံ)

ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီနေ့မနက်အစောပိုင်း ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အာဂျင်တီးနားအသင်းက ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချီလီအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းမှုတွေမှာ အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။  တောင်အမေရိက ကလပ်အသင်းတွေ ကစားတဲ့ပြိုင်ပွဲဖြစ်လို့ တဖက်နဲ့တဖက် အင်အားသုံးကစားခဲ့တာကြောင့် ပြစ်ဒဏ်ဘောတွေ မကြာခဏ သတ်မှတ်ပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာ ချီလီအသင်းက ဂယ်ရီမက်ဒယ်နဲ့ အာဂျင်တီးနားအသင်းက မက်ဆီတို့ အချင်းများခဲ့လို့ နှစ်ယောက်လုံး အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ အာဂျင်တီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၁၂ မိနစ်နဲ့ ၂၂ မိနစ်တို့မှာ အဂူရိုနဲ့ ဒိုင်ဘာလားတို့က သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ချီလီအသင်းက မထင်မှတ်တဲ့အနေအထားကနေ အငြင်းပွားဖွယ် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဗီဒယ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်း အရှုံးတွေနဲ့ပဲ လှည့်ပြန်ခဲ့ရတဲ့ ချီလီတို့ အာဂျင်တီးနားကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ လက်ကျန်မိနစ်တွေမှာ ကြိုးစားခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်တန်း အော့တာမန်ဒီ၊ ပက်ဇဲလာ၊ ဖွိုက်တို့ကို မကျော်နိုင်ဘဲ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံ ၁၄ ကြိမ်၊ ဒုတိယ ၁၄ ကြိမ်နဲ့ တတိယ ၅ ကြိမ် ရရှိထားပြီးတော့ ဖလား ၁၅ လုံးရရှိထားတဲ့ ဥရုဂွေးရဲ့နောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ ကိုပါအမေရိကဖလား  နောက်ဆုံး ဗိုလ်လုပွဲကိုတော့  ဇူလိုင် ၈ ရက်နေ့မှာ ပီရူးအသင်းနဲ့ နာမည်ကြီး အိမ်ရှင်ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up