ကုလအတွင်းရေးမှူးချုပ်

July 11, 2019

အာဖရိကဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေထောက်ပံ့ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

အာဖရိကဒေသမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စီမံကိန်းအတွက် ရန်ပုံငွေများများ ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇူလိုင် ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အာဖရိက အစိုးရတွေ အနေနဲ့လည်း ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်မှုနဲ့ လျစ်လျူရှုမှုတွေကို ပိုပြီး လျှော့ချသင့်တယ်လို့ ဂူတာရက်စ်က ဆက်ပြောခဲ့ပါတယ်။ ဟာကွက်တွေကြောင့်မဟုတ်ဘဲ ပြည်တွင်းပဋိပက္ခတွေနဲ့ အာဏာ အလွဲသုံးစားမှုတွေကြောင့် အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာလေ့ ရှိတယ်လို့လည်း ဂူတာရက်စ်က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။ ဆာဟာရဒေသနဲ့ အနောက်အာဖရိကဒေသမှာ အကြမ်းဖက်ဝါဒ အန္တရာယ် မြင့်တက်လာတဲ့ အခြေအနေကိုလည်း စိုးရိမ်နေတယ်လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။ အဲဒီဒေသတွေမှာ အိုင်အက်စ်၊ အယ်လ်ကိုင်းဒါး စတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ အဖွဲ့တွေဟာ လူသစ်စုဆောင်းဖို့နဲ့ သြဇာလွှမ်းမိုးဖို့ ကြိုးစားနေကြတာပါ။ အနောက်အာဖရိကဒေသမှာ ဂျီဟတ်စစ်သွေးကြွ နှိမ်နင်းရေး အထောက်အပံ့ ရန်ပုံငွေ ပမာဏဟာလည်း နိုင်ငံတကာ အလှူရှင်တွေဆီက ၅၀ ရာခိုင်နှုန်းအောက်သာ ရခဲ့တယ်လို့ ဂူတာရက်စ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ထိရောက်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ လုံလောက်တဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုနဲ့အတူ အားကောင်းပြီး ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်တွေပါတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို အာဖရိကမှာ စီစဉ်ပေးသင့်တယ်လို့လည်း ဂူတာရက်စ်က ပြောခဲ့ပါတယ်။
2 years Ago

May 1, 2019

ကုလအတွင်းရေးမှူးချုပ် တရုတ်ခရီးစဉ်အတွင်း ရှင်ကျန်းဒေသ မွတ်စလင်များအရေး အဓိက ဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရှင်ကျန်းဒေသက မွတ်စလင်တွေရဲ့ အကျပ်အတည်းကို အဓိက ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ဧပြီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ တရုတ်ဟာ နိုင်ငံအနောက်ဘက်ပိုင်းက မွတ်စလင်တွေကို လေ့ကျင့်ရေးစခန်းသွင်းပြီး ပညာပေးတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီစခန်းတွေမှာ ဝီဂါလူမျိုးစုတွေနဲ့ တခြားမွတ်စလင်တွေ အယောက် တသန်းကျော်ကို  ထိန်းသိမ်းထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဧပြီ ၂၆ ရက်ေန့က တရုတ်နိုင်ငံကို ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဂူတာရက်စ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သီးခြားတွေ့ဆုံမှုမှာ ရှင်ကျန်းဒေသက မွတ်စလင်တွေအကြောင်း အဓိက ဆွေးနွေးခဲ့ပါတယ်။ ဝီဂါလူမျိုးစုတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ လူပျောက်မှုတွေ၊ အာဏာရှင်ဆန်ဆန် ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ကုလက စစ်ဆေးနိုင်ရေး တရုတ်အစိုးရအနေနဲ့ ခွင့်ပြုသွားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကော်မရှင်နာမင်းကြီး မစ်ရှယ် ဘာချီလတ်က ထပ်တလဲလဲ ဖိအားပေးခဲ့ပါတယ်။
2 years Ago
More News
Up