ကုန်သွယ်ရေး

July 1, 2019

အီးယူ-ဗီယက်နမ် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

ဥရောပသမဂ္ဂ - ဗီယက်နမ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (EVFTA) ကို အီးယူ ကုန်သွယ်ရေး ကော်မရှင်နာ စစ္စလီယာ မမ်စထရောင်းမ်နဲ့ ဗီယက်နမ် စက်မှုနဲ့ကုန်သွယ်ရေး ဝန်ကြီး ချန်တွမ့်အိုင်းတို့ ဟနွိုင်းမြို့မှာ ဇွန်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ဖွံဖြိုးဆဲ အာရှနိုင်ငံတနိုင်ငံနဲ့ ပထမဆုံး ကုန်သွယ်ရေး သဘောတူ လက်မှတ်ရေးထိုးတဲ့ သမိုင်းမှတ်တိုင်တခုပါ။ ပြီးတော့ ဒီသဘောတူညီချက်ဟာ အီးယူနဲ့ ဗီယက်နမ်နိုင်ငံအကြား ကုန်ပစ္စည်း ၉၉ ရာခိုင်နှုန်းအပေါ် အခွန်စည်းကြပ်တာတွေ လျှော့ချဖို့ လမ်းကြောင်းတခု ဖော်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အီးယူလွှတ်တော်မှာ တရားဝင်အတည်ပြုဖို့ လိုအပ်ပါသေးတယ်။ ဥရောပ လွှတ်တော်အမတ်တချို့ကတော့ ဗီယက်နမ်နိုင်ငံရဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို စိုးရိမ်နေကြပါတယ်။ အီးယူဟာ အမေရိကန်ပြီးရင် ဗီယက်နမ်ရဲ့ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး အဝတ်အထည်တွေနဲ့ ဖိနပ်တွေကို အဓိကပို့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဗီယက်နမ်ရဲ့ အီးယူပို့ကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၂ ဒဿမ ၅ ဘီလျံရှိပြီး အီးယူကနေ သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၈ ဘီလီယံရှိတယ်လို့ တရားဝင်အချက်အလက်တွေက ဖော်ပြပါတယ်။ လက်ရှိမှာ အီးယူဟာ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူတို့နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးထားပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေးအတွက် စတင်ဆွေးနွေးနေပါတယ်။
2 years Ago

June 10, 2019

G20 ဘဏ္ဍာရေးဝန်ကြီးများ ကုန်သွယ်ရေးတင်းမာမှု အာရုံစိုက်ဆွေးနွေး

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ ညီလာခံ G20 မှာ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေး တင်းမာမှုကို အာရုံစိုက်ပြီး ဇွန်လ ၉ ရက်က ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှု တိုးတက်စေရေး အနှောင့်အယှက်ဖြစ်စေမယ့် ဘေးအန္တရာယ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ နက်ရှိုင်းလာတာကို ဖြေရှင်းဖို့ ဆော်သြတာကိုတော့ ရပ်လိုက်ကြပါတယ်။ ကော်ပိုရိတ်ခွန် လျှော့ချရေး၊ ဖေ့စ်ဘွတ်ခ်နဲ့ ဂူဂဲလ်လို ကမ္ဘာလုံးဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေက သုံးနေတဲ့ ဟာကွက်တွေကို ပိတ်ဖို့ ၂၀၂၀ မှာ ဘုံစည်းမျဉ်းကျင့်သုံးရေး G20 ဘဏ္ဍာရေး ခေါင်းဆောင်တွေကြား သဘောတူခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်းမှာ ကျင်းပတဲ့ ညီလာခံအတွင်း G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေ အကြိတ်အနယ် ညှိနှိုင်းအပြီးမှာ စည်းမျဉ်းအခြေပြု အားလုံးပါဝင်တဲ့ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
More News
Up