ကိုးကန့်တပ်ဖွဲ့

March 7, 2017

ကာစီနိုက မိန်းကလေး ၈၀ ကျော်ကို ဖမ်းဆီးခြင်းမရှိဘဲ တရုတ်ပြည်ဘက်ပို့ဆောင်ပေးဟုရှင်းလင်း (ရုပ်သံ)

လောက်ကိုင်မြို့ပေါ်က ကာစီနိုလောင်းကစားရုံမှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာမဟုတ်ဘဲ တရုတ်နိုင်ငံ နန်းဆန်မြို့ကို ပို့ဆောင်ပေးတာလို့  တအာင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုရှင်းလင်းပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က “ကိုးကန့် ကာစီနိုဝိုင်းက ကောင်မလေးတွေ ခေါ်သွား တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က အဲဒီ မိန်းကလေးတွေကို တခုခုလုပ်မှာဆိုးလို့ တရုတ်ပြည်ဘက်ရှိ နန်းဆန်မြို့ကို ပို့ပေးလိုက်ကြတာပါ” လို့ပြောပါတယ်။ လောက်ကိုင်ဒေသမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်ပြည်ဘက်ရှိ တစ်ကီလိုမီတာ အကွာအဝေးမှာ လက်နက်ကြီးတလုံး ကျရောက်ခဲ့ပေမယ့်  ထိခိုက်ဒဏ်ရာရရှိမှုမရှိသေးကြောင်း တာဘုန်းကျော်က ပြောပါတယ်။ မတ်လ ၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ဒေသဦးစီး ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ပိုင်ဆိုင်တဲ့ ပယ်စိမ်းလောင်းကစားရုံမှာ ကား ၁၅ စီး မီးလောင်ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်ဘဏ္ဍာရေးကိုင်တဲ့ လျှိုအားပေါင် ပိုင်ဆိုင်တဲ့ ဖူလီလိုက်လောင်းကစားရုံကို ဖျက်ဆီးပြီး ငွေတွေယူကာ မိန်းခလေး ၈၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ တဦးက ဒီဗွီဘီကို ပြောဆိုထားတာဖြစ်ပါတယ်။ သတင်း - နိုင်နိုင်
4 years Ago

ကိုးကန့်တပ်ဖွဲ့က ကာစီနိုရုံများကို တိုက်ခိုက်ခဲ့ပြီး မိန်းကလေး ၈၀ ကိုခေါ်ဆောင် (ရုပ်သံ)

ကိုးကန့်တပ်တွေဟာ လောက်ကိုင်မြို့က အကြီးဆုံးလောင်းကစားရုံတွေကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး မိန်းခလေး ၈၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ မျက်မြင်သက်သေဒေသခံတဦးက ပြောပါတယ်။ မတ်လ ၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ဒေသဦးစီး ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်ပိုင်ဆိုင်တဲ့ ပယ်စိမ်းလောင်းကစားရုံမှာ ကား ၁၅ စီး မီးလောင်ပျက်စီးခဲ့ပြီး လူ ၁ ဦးသေခဲ့ပါတယ်။ လောက်ကိုင်မြို့ ဖရုံသီးဟော်တယ်ရှေ့က ရှင်းကျင်ကျန်း လောင်းကစားရုံမှာလည်း  လူ ၈ ဦး ဗုံးမှန်သေဆုံးခဲ့ပါတယ်။ အလားတူ ကိုးကန့်ဘဏ္ဍာရေးကိုင်တဲ့ လျှိုအားပေါင် ပိုင်ဆိုင်တဲ့ ဖူလီလိုက်လောင်းကစားရုံကို ဖျက်ဆီးပြီး ငွေတွေယူကာ မိန်းခလေး ၈၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ တဦးကပြောပါတယ်။
4 years Ago

March 6, 2017

ယူနန်​နယ်​စပ်​ဂိတ်​ကို ကိုးကန့်လက်​နက်​ကိုင်​တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ရှမ်းပြည်နယ်  လောက်ကိုင်မြို့နယ် ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန်၊ ကျင်ဆန်ကျော် စတဲ့နေရာတွေမှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ဒီနေ့မနက် ၂ နာရီအချိန်က ကိုးကန့်တပ်ဖွဲ့တွေက လောက်ကိုင်မြို့နယ် ယူနန်နယ်စပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ မနက် ၁၂  နာရီကျော်လောက်ကစပြီး ကိုးကန့်၊ ဟုန်အိုင်ဒေသကို မြန်မာစစ်တပ်က အပြင်းအထန် တိုက်ခိုက်တဲ့အတွက်  မလွဲမရှောင်သာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရတယ်လို့ မြောက်ပိုင်းမဟာမိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ ရှိရာဒေသကို လက်နက်နဲ့ လူအင်အားတွေ ဖြည့်တင်းကာ အမြစ်ပြုတ်ချေမှုန်းတဲ့ စစ်ဆင်ရေးတွေကို ပြုလုပ်နေတယ်လို့လည်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ရုပ်သံ - နိုင်နိုင်
4 years Ago
Up