ကိုရွှေအောင်

September 19, 2018

ယူအန်အက်ဖ်စီ ပြိုကွဲပြီလား

ယူအန်အက်ဖ်စီမှ နုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာ ပါဝင်လိုဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ပြော။ စက်တင်ဘာလဆန်းပိုင်း မွန်သတင်းအေဂျင်စီမှာ တက်လာတဲ့ သတင်းတပုဒ်ဖြစ်ပြီး နုတ်ထွက်ရတဲ့ အကြောင်းရင်းက မွန်ပြည်သစ်ပါတီဟာ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်လို့။ ယူအန်အက်ဖ်စီက အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့ဖြစ်လို့။ ဒီလိုအနေအထားတွေကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ အန်စီအေပါ စည်းကမ်းချက်တွေကို လိုက်နာရမှာလည်းဖြစ်လို့ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြထားတယ်။ ဒါပေမယ့် ယူအန်အက်ဖ်စီ ညီလာခံလုပ်မှပဲ တရားဝင် နုတ်ထွက်လို့ရမယ်လို့လည်း မွန်ဥက္ကဋ္ဌက မွန်သတင်းအေဂျင်စီကို ပြောသွားတယ်။ ဒီမတိုင်မီကလည်း လက်ရှိ ယူအန်အက်ဖ်စီ အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အဖွဲ့က နုတ်ထွက်ခွင့်ပြုဖို့ စာတင်ထားတယ်။ ဒီတော့ ယူအန်အက်ဖ်စီလို့ အတိုကောက် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဟာ တစစ ပြိုကွဲပြီး ပျောက်ဆုံးသွားတော့မှာလား။ လွန်ခဲ့တဲ့ ၇ နှစ် ၂၀၁၁ ခု၊ ဖေဖော်ဝါရီလမှာ   တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ခုနဲ့ စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုရဲ့ အနေအထားက ဘယ်ကိုဦးတည်နေပြီလဲ။ နယ်စပ်တပ်ပေါင်းစုတွေ တခုပြီးတခု ပြိုကွဲခဲ့သလိုပဲ ယူအန်အက်ဖ်စီလည်း အဲ့ဒီလမ်းဆီ ဦးတည်နေပြီလား။ ဦးသိန်းစိန်အစိုးရလက်ထက် ဒီဘက်ခေတ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ ယူအန်အက်ဖ်စီရဲ့ အခန်းဏ္ဍက အင်မတန် အရေးပါခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) ကို အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ခုနဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ကချင်ပြည်နယ်၊ လိုင်ဇာညီလာခံကနေ ယူအန်အက်ဖ်စီတပ်ဖွဲ့ဝင် ၁၂ ခု အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာအဖွဲ့ (Nationwide Ceasefire Coordination Team – NCCT) ကို ထပ်ပြီးဖွဲ့စည်းခဲ့တယ်။ အဲဒီ အန်စီစီတီအဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ UPWC တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးဘက်တွေဖြစ်ခဲ့ပြီး အန်စီအေလို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တခု ထွက်ပေါ်လာအောင် အတူတကွ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်။ ဒီတုန်းက ယူအန်အက်ဖ်စီ တပ်ပေါင်းစုကို ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး အန်စီစီတီကိုတော့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၂ နှစ်နီးပါးကြာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတဲ့နောက် ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်” (Nationwide Ceasefire Aggrement – NCA) မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” (NCA) မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်လို့ အန်စီစီတီမှာ လက်မှတ်ရေးထိုးဖို့ လုပ်ပိုင်ခွင့်ရှိမရှိ ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ယူအန်အက်ဖ်စီ တိုင်းရင်းသားတပ်ပေါင်းစုရဲ့ အကွဲအပြဲဟာ အန်စီအေ အပစ်ရပ်စာချုပ်မှာ တပ်ဖွဲ့ ၈ ခုက ပါဝင်လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး အဖွဲ့ကို ဦးဆောင်နေတဲ့ ကေအိုင်အို ကချင်တပ်ဖွဲ့ အပါအဝင် တပ်ဖွဲ့ပေါင်း ၇ ခု နုတ်ထွက်သွားခဲ့တယ်။ နုတ်ထွက်သွားကြချိန်မှာ တပ်ဖွဲ့တခုချင်းအလိုက် အကြောင်းပြချက်အမျိုးမျိုး ပြခဲ့ကြပေမယ့် တကယ်တမ်းကျ စာချုပ်မှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးဘဲကျန်ရစ်တဲ့ တပ်ဖွဲ့တို့ရဲ့ အကွဲအပြဲပဲ ဖြစ်တယ်။ ယူအန်အက်ဖ်စီ တပ်ပေါင်းစုမှာ ကျန်ရစ်တဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၅ ခုကို မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး အစိုးရနဲ့ ဆက်လက် ဆွေးနွေးကြပြန်တယ်။ ဒီအတောအတွင်းမှာ ယူအန်အက်ဖ်စီ တပ်ပေါင်းစုကို စွန့်ခွာသွားတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA) တို့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့နဲ့ ပူးပေါင်းပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဆိုပြီး နောက်ထပ် တပ်ပေါင်းစုတခု ထပ်ဖွဲ့လိုက်ကြတယ်။ အဲ့ဒီတပ်ပေါင်းစုမှာက နိုင်ငံရေးနဲ့ စစ်ရေးအရ သြဇာအာဏာ တစုံတရာရှိတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ ပါဝင်နေပြီး ဒီတပ်ပေါင်းစု ထွက်ပေါ်ခဲ့တဲ့အတွက် ယူအန်အက်ဖ်စီ တပ်ပေါင်းစုရဲ့ အရှိန်အဝါက ပိုပြီး မှေးမှိန်ကျဆင်းသွားခဲ့တယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါသွားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း ယူအန်အက်ဖ်စီက နုတ်ထွက်သွားပြီး ယူအန်အက်ဖ်စီမှာ လတ်တလော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပဲ ကျန်တယ်။ အခုတခါ အပစ်ရပ်စာချုပ်မှာ ဝင်ရောက်လက်မှတ်ထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီကပါ ယူအန်အက်ဖ်စီက နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြန်တယ်။ မွန်ပြည်သစ်လိုပဲ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ကလည်း အလားတူ နုတ်ထွက်လိုက်ရင်တော့ တိုင်းရင်းသားတပ်ဖွဲ့ နှစ်ခုပဲ ကျန်တော့မှာဖြစ်ပြီး တပ်ပေါင်းစုမမည်တော့ပဲ ဖြစ်မယ်။ တဖက်မှာကြည့်ရင် အစိုးရဟာ ယူအန်အက်ဖ်စီ တပ်ပေါင်းစုကိုရော မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ကိုပါ တပ်ပေါင်းစုတို့အနေနဲ့ လက်ခံစကားပြောနေတာ မဟုတ်ဘဲ တဖွဲ့ချင်း နှစ်ဖွဲ့ချင်း သုံးဖွဲ့ချင်း စသဖြင့် အစုအဖွဲ့အလိုက် ဆွေးနွေးပြောဆိုနေတာသာ ဖြစ်တယ်။ တိုင်းရင်းသား တပ်ပေါင်းစုတို့ဘက်ကလည်း တပ်ပေါင်းစုအနေနဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် တောင်းဆိုသံကြားရပြီး ပြီးခဲ့တဲ့ တတိယပင်လုံမှာတော့ အလွတ်သဘောတွေ့ဆုံမှု ရှိခဲ့တယ်။ ယူအန်အက်ဖ်စီထဲမှာ ကျန်နေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရတို့ ပြီးခဲ့တဲ့ ဧပြီလထဲ လွိုင်ကော်မှာ နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးတဲ့ အဆင့်အထိတော့ မရောက်သေးဘူး။ ရခိုင်အမျိုးသားကောင်စီ (ANC) နဲ့ အစိုးရတို့ကြား ပြောဆိုဆက်ဆံမှုကတော့ အလျဉ်းမရှိဘဲ တပ်ဖွဲ့ရဲ့ အခန်းဏ္ဍ ပျောက်ဆုံးနေတယ်။ ရခိုင်ကောင်စီတပ်ဖွဲ့ရဲ့ အခန်းဏ္ဍတင်မဟုတ်ဘဲ အခုတော့ ယူအန်အက်ဖ်စီကို လတ်တလော ခေါင်းဆောင်မှုပေးနေတဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုရဲ့ အခန်းဏ္ဍပါ မှေးမှိန်ပျောက်ဆုံးတော့မယ့် အရိပ်လက္ခဏာ မြင်တွေ့နေရပါပြီ။ ပြန်ကြည့်ရင် ယူအန်အက်ဖ်စီက ဖွဲ့စည်းပေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာအဖွဲ့ အန်စီစီတီဟာ အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခု ထွက်ပေါ်လာတဲ့အရေးမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် နယ်စပ်ဒေသတွေမှာ ပေါ်ထွက်ခဲ့သမျှ တိုင်းရင်းသား တပ်ပေါင်းစုတွေ အမြောက်အမြားထဲမှာ ယူအန်အက်ဖ်စီရဲ့ အခန်းကဏ္ဍဟာ ကြီးကျယ်ထင်ရှားခဲ့တယ်လို့ မှတ်တမ်းတင်ထားရမှာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြီးစွာ အထောက်အကူပေးခဲ့တဲ့ တိုင်းရင်းသားတပ်ပေါင်းစုလည်း ဖြစ်တယ်။ ဒါပေမယ့်လည်း အခြေအနေအရပ်ရပ်နဲ့ အချိန်အခါရတော့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုဟာ လောကသဘာဝ ချုပ်ငြိမ်းပျောက်ကွယ်ရတော့မှာပဲ ဖြစ်ပါတယ်။ UNFC တွင် စတင်ပါဝင်ခဲ့သော အဖွဲ့အစည်းများ
  • ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)
  • ကရင်အမျိုးသားအစည်းအရုံး (KNU)
  • ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
  • ချင်းအမျိုးသားတပ်ဦး (CNF)
  • မွန်ပြည်သစ်ပါတီ (NMSP)
  • ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)
  • ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
  • ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
  • လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)
  • ဝ အမျိုးသားအဖွဲ့ချုပ် (WNO)
  • မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA)
ကိုရွှေအောင်
3 years Ago

September 6, 2018

မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ် အသစ်လား

သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး ကရင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲသတင်းတွေ ပြန်ကြားလာရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းတွေလည်း တပြိုင်တည်းထွက်တယ်။ တိုက်ပွဲသတင်းတွေ အရင်ပြောရရင် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း သြဂုတ်လ ၂၃ ရက်နေ့ကစပြီး စက်တင်ဘာလ ၂ ရက်နေ့အထိ တပ်မတော်နဲ့ ကေအန်ယူတပ်အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝဲကြီးနဲ့ ကန်ညီနောင်ကျေးရွာတဝိုက်မှာ ကေအန်ယူ တပ်မဟာ ၅ နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားတယ်။ တိုက်ပွဲဖြစ်ရတာက ဒီကေဘီအေ ခွဲထွက်အဖွဲ့တခုက တပ်မဟာ ၅ နယ်မြေထဲ ဝင်လာပြီး မွှေလို့ တပ်မတော်က လိုက်တိုက်ရင်း နှစ်ဖက် တိုက်ပွဲဖြစ်တာလို့ ဆိုတယ်။ ဒါက တပ်မတော်နဲ့ အပစ်ရပ် ကေအန်ယူတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲသတင်း။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူဘက်ကျတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့က တဖက်၊ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့က တဖက် တိုက်ပွဲဖြစ်တယ်။ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း နယ်မြေလုရင်း တိုက်ပွဲတွေဖြစ်တာဖြစ်ပြီး ကြားက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးကြရတယ်။ ကရင်နဲ့ ရှမ်းမြောက်က တိုက်ပွဲသတင်းတွေဟာ အသစ်တွေမဟုတ်ဘဲ မကြာခဏ ကြားကြားနေရတဲ့ သတင်းတွေ ဖြစ်နေပြီး ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လိုက် ထွက်ပြေးလိုက်၊ တိုက်ပွဲသံငြိမ်သွားလိုက် ရွာပြန်နေလိုက်နဲ့ သံသရာလည်နေကြရှာတယ်။ တပ်မတော်နဲ့ ကေအန်ယူ တိုက်ပွဲကတော့ နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးလိုက် တိုက်ပွဲတွေရပ်သွားလိုက် ရှိတတ်ပေမယ့် ရှမ်းမြောက်တိုက်ပွဲကတော့ နှစ်ဖက်ပါ တပ်ဖွဲ့ သုံးခုစလုံး ဒီနေ့ထိ ညှိနှိုင်းဆွေးနွေးတာ မတွေ့ရဘဲ တိုက်ပွဲသံသရာ ရှည်နေတယ်။ တိုက်ပွဲသတင်းတွေ ကြားနေရသလို ဒီအတောအတွင်းမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းတွေလည်း ထွက်တယ်။ နေပြည်တော်က ဆွေးနွေးပွဲသတင်းက စရရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့တယ်။ ဆွေးနွေးပွဲမှာ အဓိကသုံးချက် ဆွေးနွေးတယ်။ တစ်အချက်က အတွင်းရေးမှူးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ နှစ်အချက်က နိုင်ငံရေး ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး တိတိကျကျလုပ်နိုင်ဖို့၊ သုံးအချက်က ညီလာခံကျင်းပတဲ့ အခင်းအကျင်း ပုံစံတွေမှာ လုပ်ငန်းကော်မတီရယ်၊ နည်းပညာကျွမ်းကျင်သူ အထောက်အကူပြုတွေရဲ့ အခန်းကဏ္ဍ စတဲ့ အချက်သုံးခု ဆွေးနွေးတယ်။ အဲဒီဆွေးနွေးပွဲကနေ ပြီးခဲ့တဲ့ ဇူလိုင်လထဲ လုပ်ခဲ့တဲ့ တတိယပင်လုံဟာ ပြီးခဲ့တဲ့နှစ်ထဲ လုပ်ခဲ့တဲ့ ဒုတိယပင်လုံလောက် အောင်မြင်မှုမရှိဘူး ဆိုတာကိုလည်း အစိုးရဘက်က ဝန်ခံသွားတယ်။ နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ သဘောတူညီချက် တော်တော်များများ ရပါတယ်။ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှာ သဘောတူညီချက် နည်းနည်းလေး လျော့သွားတဲ့အပြင် အရေးကြီးတဲ့ အချက်အလက်တွေ မရခဲ့ပါဘူးလို့ အစိုးရပိုင်သတင်းစာကို ပြောသွားတယ်။ ချုပ်ပြောရရင် အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဖို့ ခြေလှမ်းစတင်လိုက်တာဖြစ်ပြီး မူဘောင်ပြင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ဘက်ကလည်း လိုလားတောင်းဆိုထားတာ ရှိတယ်။ ဒီအတွက်လည်း အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဟာ ချင်းမိုင်မှာ စက်တင်ဘာ ၈ ရက်ကစပြီး ညှိနှိုင်းဆွေးနွေးကြဖို့ရှိတယ်။ တပ်ဖွဲ့ ၁၀ ခုရဲ့ ထုတ်ပြန်ချက်အရ ချင်းမိုင်ဆွေးနွေးပွဲအတွင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue) ပြန်လည်သုံးသပ်ခြင်း အပါအဝင် တပ်ဖွဲ့တို့ရဲ့  ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ သိရတယ်။ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုတို့အနေနဲ့ နောက်အရွေ့တခုဆီ ဆက်လက်ချီတက်နေချိန်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ဘက် ငဲ့ကြည့်တော့ စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင့်တပ် AA၊ တအာန်းပလောင်တပ် TNLA နဲ့ ကိုးကန့်တပ် MMDAA စတဲ့ အဖွဲ့သုံးဖွဲ့တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံတယ်ဆိုတဲ့သတင်း ထွက်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းတုန်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အိုတို့ တရုတ်မှာပဲ တွေ့ဆုံခဲ့ကြတုန်းကတော့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဘူး။ ကေအိုင်အိုတပ်ဖွဲ့ဘက်က အချက် ၆ ချက် တင်ပြခဲ့တယ်။ (၁) ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ချုပ်ဆိုခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီချက်များ အပေါ်တွင် အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ၂၀၁၃ ခုနှစ်၊ မေလ (၃၀) နှင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက် သဘောတူညီချက်များကိုလည်း ဆက်လက်ထိန်းသိမ်း လေးစားလိုက်နာရန်။ (၂) အထက်ဖော်ပြပါ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရာတွင် ရေးသားဖော်ပြခြင်းမရှိသော ကြိုတင်ချုပ်ချယ် ကန့်သတ်ချက်များ မထားရှိရန်။ (၃) ထင်သာမြင်သာရှိသည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်သွားရန်။ (၄) အကောင်အထည်ဖော်ဆောင်ရာတွင် လေးနက်ထိရောက်မှု ရှိစေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန်။ (၅) IDPs ဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားရန်။ (၆) နှစ်ဖက်သဘောတူညီသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ချုပ်ဆိုရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန်။ တပ်မတော်ဘက်က အချက်သုံးချက်လက်ခံရင် ဆွေးနွေးမယ်ဆိုပြီး ဒို့တာဝန်အရေး (၃) ပါးကို လက်ခံရန်။ ပြည်ထောင်စုမှ ခွဲထွက်ရေး စကားမပြောရန်။ ယခုလက်ရှိသွားနေသော ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး ပါဝင်မည်ဟု ကတိပြုရန် ဒီလိုပြောဆိုကြရင်း နှစ်ဖက်ဆွေးနွေးပွဲက စလယ်ဝင်ဖင်မမည်းခင် ပြီးဆုံးခဲ့တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်သွားနေသလို တဖက်မှာလည်း တိုက်ပွဲသံက ကြားနေရတုန်းဖြစ်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့အစိုးရလက်ထက်မှာမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ထွက်ပေါ်လာတယ်လို့  မကြာခဏပြောပြီး ဂုဏ်ယူနေတတ်တာ တွေ့ရတယ်။ ဒီဘက်ခေတ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တောက်လျှောက် ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တခုက ခေါင်းဆောင်တယောက်ကလည်း ဆွေးနွေးဘက်တွေ အားလုံးမှာ အတွေ့အကြုံ လုံးလုံးမရှိဘဲ ဒီလိုပဲ လမ်းသစ်ဖောက်ပြီး ဆွေးနွေးနေကြရတာပဲလို့ ပြောဖူးတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ မတူတဲ့ မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ်အသစ်လို့ ကြွေးကြော်သံလည်း ဒီဘက်ခေတ်မှာ ကြားရတယ်။ မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ်အသစ် အလုပ်ဖြစ် မဖြစ်က ပြောဖို့ စောပါသေးတယ်။ ကိုရွှေအောင်
3 years Ago
More News
Up