ကိုရိုနာဗိုင်းရပ်စ်

January 26, 2021

ဗြိတိန်နှင့် တောင်အာဖရိက မျိုးကွဲကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်နိုင်ဟု မိုဒါနာကုမ္ပဏီ ပြော

အမေရိကန်နိုင်ငံအခြေစိုက် မိုဒါနာ ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဟာ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေကနေပါ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

မိုဒါနာက “ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို စမ်းသပ်ရာမှာတော့ ရောဂါပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းရဲ့ တုံ့ပြန်မှုတွေ လျော့ကျမသွားတာ တွေ့ရတယ်။ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲသစ်ကို စမ်းသပ်ရာမှာ ပဋိပစ္စည်းတုံ့ပြန်မှု လျော့ကျလာတာကို တွေ့ခဲ့ပေမယ့် ထိုးဆေး ၂ ကြိမ် ထိုးပြီးရင်တော့ ကာကွယ်နိုင်မယ်လို့ ယုံကြည်နေဆဲပဲ။ တောင်အာဖရိက ဗီဇမျိုးကွဲကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးအသစ်ကို စမ်းသပ်မယ်” လို့  သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲအသစ်တွေ ပေါ်လာလို့ ဒီမျိုးကွဲသစ်တွေဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လျော့နည်းစေမှာကို စိုးရိမ်နေကြတာပါ။

ဘေးလာကောလိပ် အပူပိုင်းဒေသ ဆေးပညာအမျိုးသားဌာနရဲ့ ဌာနမှူး ဒေါက်တာ ပီတာဟိုတက်ဇ်က “ဗိုင်းရပ်စ်ကို သတ်တဲ့နေရာမှာ ကာကွယ်ဆေးရဲ့ စွမ်းအင် ခြောက်ပုံတပုံ လျော့ကျသွားတယ်လို့ ကျနော် ကြားထားတယ်။ ဒါပေမဲ့ ပဋိပစ္စည်းရဲ့ စွမ်းအင်အဆင့်က မြင့်နေဆဲမို့ ဒီလို လျော့ကျပေမယ့် ကာကွယ်ရေးနည်းနည်းကျဆင်းနိုင်ပေမယ့် အနှောင့်အယှက် မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးက ထိထိရောက်ရောက် ကာကွယ်နိုင်တုန်းပဲ” လို့  ပြောပါတယ်။

ကာကွယ်နိုင်စွမ်းလျော့ကျတဲ့ သက်သေတွေ ပေါ်ထွက်လာခဲ့ရင် အနာဂတ်မှာ ကာကွယ်ဆေး ထိုးဆေးအသစ်ကို ထုတ်နိုင်တယ်လို့လည်း မိုဒါနာက ပြောပါတယ်။

ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီတို့ကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း စမ်းသပ်ချက်တွေက ပြထားပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲနဲ့ ပတ်သက်တဲ့ ရလဒ်တွေတော့ မသုံးသပ်ရသေးဘူးလို့ ပြောပါတယ်။

မိုဒါနာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲတွေအပေါ် သူတို့ စမ်းသပ်ချက်က ရတဲ့ သတင်းအချက်အလက်တွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာ ဘိုင်အိုအာခိုက်ဗ်ပေါ်မှာ ဖြန့်ချိထားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

3 months Ago

November 14, 2020

ဒိန်းမတ်နိုင်ငံတွင် မြွေပါ ၁၇ သန်း သုတ်သင်ရေးအစီအစဉ် ဆက်လုပ်

ဒိန်းမတ်နိုင်ငံက မြွေပါခြံတွေမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတာကို အကြောင်းပြုပြီး တနိုင်ငံလုံးက မြွေပါကောင်ရေ ၁၇ သန်း သုတ်သင်ရေးအစီအစဉ်ကို နိုဝင်ဘာ ၁၃ ရက်မှာ ဆက်လက်လုပ်ဆောင်နေပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် မျိုးရင်းသစ်ဟာ လူသားကို ကူးစက်နိုင်ပြီး လာမယ့် ကာကွယ်ဆေးကို  ရှောင်ကွင်းနိုင်တယ် ပြောဆိုကာ မြွေပါကောင်ရေ အားလုံးသုတ်သင်မယ့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။  အဲဒီအစီအစဉ်အပေါ် တရားစွဲဆိုတာတွေ ရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်မှာတော့ အစိုးရက မြွေပါသုတ်သင်ရေးအမိန့်ကို ခွင့်ပြုတဲ့ဥပဒေ အလျင်အမြန် ရေးဆွဲခဲ့ပါတယ်။  မျက်မြင်တွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ မွေးမြူရေးသမားတွေက မြွေပါသေ အထီးနဲ့ အမ ခွဲခြားပြီး တွန်းလှည်းပေါ် တင်နေတာကို တွေ့ရပါတယ်။  မြွေပါ တစ်ကောင်စီဟာ ဖုန်မှုန့်တွေနဲ့ တခြားအမှုန်တွေ လွှတ်ထုတ်တဲ့ စက်ထဲကို ဖြတ်သွားရတာပါ။  အဲဒီနောက်မှာတော့ မြွေပါတွေဟာ လွှစာမှုန်တွေကြားထဲ ထွက်လာခဲ့ပါတယ်။  လွှစာမှုန်တွေက မြွေပါတွေကို သန့်ရှင်းရေးလုပ်ပေးပြီးနောက်မှာတော့ မြွေပါတွေကို  သားမွေးထုတ်စက်ရုံဆီ ပို့ဆောင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
6 months Ago
More News
Up