ကိုရိုနာကူးစက်ကပ်ဘေး

June 8, 2020

ကိုရိုနာကူးစက်ကပ်ဘေး အောင်ပွဲခံမစောရန် ပုပ်ရဟန်းမင်းကြီး သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ အဆိုးဆုံးအချိန်ကို ကျော်ခဲ့ပြီလို့ ထင်မြင်ရပေမယ့် အောင်ပွဲခံမစောကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အီတလီနိုင်ငံသားတွေကို ဇွန် ၇ ရက်မှာ သတိပေးလိုက်ပါတယ်။ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ကြပြီး လူချင်းခွာ နေကြရမယ့် အစိုးရစည်းမျဉ်းတွေကို လိုက်နာဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ စိန့်ပီတာရင်ပြင်မှာ တနင်္ဂနွေဆုတောင်းပွဲအတွင်း ဝတ်ပြုသူ ရာပေါင်းများစွာကို မိန့်ခွန်းပြောရင်း ပုပ်ရဟန်းမင်းကြီးက ခုလို သတိပေးခဲ့တာပါ။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူ ၃၄,၀၀၀ နီးပါး သေဆုံးခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ဘရာဇီးတို့ ပြီးရင် ကမ္ဘာ့စတုတ္ထမြောက် လူသေအများဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ နေ့စဉ် ကူးစက်ခံ သေဆုံးနှုန်းဟာ လပေါင်းများစွာ လူတထောင်ကျော် ရှိခဲ့ရာက ဇွန် ၆ ရက် တရက်တည်းမှာ ကူးစက်ခံ ၇၂ ယောက် သေဆုံးခဲ့ပါတယ်။ ကန့်သတ်ချက် ဖြေလျှော့မှု နောက်တဆင့်ကို ဇွန် ၃ ရက်မှာ ကြေညာခဲ့ပြီး ဒေသတွင်းမှာ ပြည်သူတွေ ခရီးသွားခွင့်ရပါပြီ။ အာဏာပိုင်တွေက ဒုတိယလှိုင်းကူးစက်မှု ဖြစ်နိုင်ခြေကို သတိပေးထားပြီး အီတလီ လူငယ်တချို့က အများပြည်သူဆိုင်ရာ နေရာတွေမှာ ပါးစပ်နှာခေါင်းစည်း ဝတ်ဖို့နဲ့ လူချင်းခွာဖို့ စည်းမျဉ်းတွေကို မထီမဲ့မြင် လုပ်နေကြတယ်လို့ သိရပါတယ်။
11 months Ago

May 10, 2020

နှစ်ကုန်ပိုင်း၌ ကိုရိုနာကူးစက်ကပ်ဘေး ဒုတိယလှိုင်း ဖြစ်လာနိုင်ဟု တောင်ကိုရီးယားသမ္မတ သတိပေး

ဒီနှစ်ကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက မေ ၁၀ ရက်မှာ သတိပေးခဲ့ပါတယ်။ လတ်တလောမှာ ကူးစက်ခံတွေ အုပ်စုလိုက် တွေ့နေတာဟာ COVID-19 ရောဂါ ဘယ်အချိန်မှာမဆို ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်သေးတယ်ဆိုတဲ့ ဘေးကို သတိပေးနေတာလို့ ဆိုပါတယ်။ “ကပ်ဘေးပြီးဆုံးတဲ့အထိ တပ်လှန့်မှု တိုးမြှင့်ထားချိန်မှာ ကပ်ဘေး ဟန့်တားရေးအတွက် ကျနော်တို့ စောင့်ကြပ်မှုကို ဘယ်တော့မှ မလျှော့ချရဘူး” လို့ မွန်ဂျေအင်းက ရုပ်သံ မိန့်ခွန်းကနေ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁ လအတွင်း အမြင့်ဆုံးအနေနဲ့ မေ ၁၀ ရက်နေ့မှာ အသစ်ကူးစက်ခံ လူနာ ၃၄ ယောက်ကို တွေ့ခဲ့ပါတယ်။ ကူးစက်ခံ အသစ်တွေထဲမှာ ၂၆ ယောက်က ပြည်တွင်းနေသူ အချင်းချင်းကြားက ကူးစက်တာဖြစ်ပြီး ၈ ယောက်ကတော့ ပြည်ပကနေ ပြန်လာတဲ့ လူတွေဆီမှာ ကူးစက်ရောဂါ ပါလာခဲ့တာလို့ ကိုရီးယားရောဂါ ထိန်းချုပ်ဟန့်တားရေးဌာန (KCDC) က ပြောပါတယ်။ ကူးစက်ကပ်ဘေးအတွက် ကာလရှည်တိုက်ပွဲအတွင်း KCDC ကို လုပ်ပိုင်ခွင့်ပိုပေးထားပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေ်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် နာမည်ပြောင်းမယ်လို့ သမ္မတက ပြောပါတယ်။ ဒေသန္တရ အစိုးရတွေဟာ သူတို့ကိုယ်ပိုင် ကပ်ဘေးတုံ့ပြန်ရေးစနစ်တွေကို ပညာရှင်တွေနဲ့အတူ တည်ထောင်ကျင့်သုံးသွားဖို့လည်း စီစဉ်နေကြပါတယ်။
12 months Ago
Up