ကိုယ့်ကိုယ်ကိုယ်သတ်သေခွင့် ဥပဒေမူကြမ်း

October 6, 2015

သမားတော်အကူအညီဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေခွင့် ဥပဒေမူကြမ်း ကယ်လီဖိုးနီးယားတွင် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှာ သမားတော်ရဲ့ အကူအညီနဲ့ ကိုယ့်ကိုယ်ကို သတ်သေခွင့် ဥပဒေမူကြမ်းကို အောက်တိုဘာ ၅ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပြီလို့ ဒီမိုကရက်တစ် ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းက ပြောဆိုလိုက်ပါတယ်။ အိုရီဂွန်ပြည်နယ်က လုပ်ဆောင်ချက်ကို အခြေပြုပြီး ဒီဥပဒေကို ရေးဆွဲတာပါ။ တကယ်လို့ လူနာက ၆ လပဲ အသက်ရှင်တော့မှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည် မရှိတော့ဘူးလို့ ဆရာဝန် ၂ ယောက်က သဘောတူ ဆုံးဖြတ်ရင် လူနာရဲ့ အသက်ကို အဆုံးသတ်ဖို့ ဆရာဝန်တွေက ဆေးညွှန်းခွင့်ကို ဒီဥပဒေက ခွင့်ပြု ထားပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန် ကျမ်းစာသင်ကျောင်းက ကျောင်းသားဟောင်း ဖြစ်တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘရောင်းက ဒီဥပဒေနဲ့ ပတ်သက်ပြီး ၂ ဖက်လုံးမှာ အငြင်းပွားစရာ သတ်မှတ်ချက် ရှိနေတာကို သေသေချာချာ စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဆေးဝါး သုံးစွဲဖို့ တစုံတယောက်ကို တောင်းဆိုတာ ဒါမှမဟုတ် ဖိအားပေးတာ လုပ်ခဲ့ရင်တော့ ဒီအပြုအမူဟာ ရာဇဝတ်ပြစ်မှုကြီး ဖြစ်လာမှာပါ။ ဒီဥပဒေအသစ်ဟာ လာမဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် သက်ရောက်မှာပါ။ ဒီဥပဒေကို ဘာသာရေး အုပ်စုတွေက အပြင်းအထန် ဆန့်ကျင်ကြပါတယ်။ လူနာကို ဂရုစိုက်နေရတဲ့သူတွေ ဒါမှမဟုတ် ဆွေမျိုးတွေက လူနာတွေကို ဖိအားပေးနိုင်တယ်လို့ ဥပဒေကို ဆန့်ကျင်ကန့်ကွက်သူတွေက ပြောပါတယ်။ ဥပဒေကို ထောက်ခံသူတွေကတော့ ဒီဥပဒေဟာ သေဖို့ သေချာပြီး ဆိုးဆိုးရွားရွား နေမကောင်း ဖြစ်နေသူတွေကို ဂုဏ်သိက္ခာရှိရှိ သက်တောင့်သက်သာ ရှိစေလိမ့်မယ်လို့ ပြောပါတယ်။ မနှစ်ကတော့ အသက် ၂၉ နှစ်အရွယ် ကင်ဆာဝေဒနာရှင် ဘရစ်တနီ မေနာ့ဒ်ဟာ ဆေးဝါးအကူအညီနဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခွင့် ပြုတဲ့ အိုရီဂွန်ပြည်နယ်ဆီကို ကာလီဖိုးနီးယား ပြည်နယ်ကနေ ပြောင်းရွှေ့ခဲ့လို့ သတင်းခေါင်းကြီးပိုင်းအဖြစ် ဖော်ပြခံခဲ့ရပါတယ်။
6 years Ago
Up