ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ကနေ သတင်းထောက် ကိုမျိုးမင်းထွန်းအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃၈ ဦး ပြန်လွတ်လာတယ်လို့ အကျဥ်းထောင်အသိုက်အဝန်းက သိရပါတယ်။
ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာဟောင်း ဖြစ်သူ ကိုမျိုးမင်းထွန်းအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃၈ ဦးကို ညနေ ၅ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
''ကိုမျိုးထွန်းကတော့ အိမ်ပြန်ရောက်ပါပြီ၊ နေကောင်း ကျန်းမာပါတယ်။ ကျန်တဲ့သူတွေလည်း အိမ်ပြန်ရောက်လောက်ပါပြီ၊ လွတ်ရက်နီးတဲ့သူတွေ ပြန်လွှတ်ပေးတဲ့ပုံစံပါ'' လို့ ကိုမျိုးမင်းထွန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးတဲ့ ပုသိမ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၈ ဦးဟာ ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်မြောက်ဖို့အတွက် ၁ နှစ်အောက် ကျန်တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်ကနေ ဇန်နဝါရီ ၄ ရက်နေ့ ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၃၈ ဦးအပြင် ခိုးဆိုလုနိုက်တဲ့ အမှုတွေနဲ့ ထောင်ပြစ်ဒဏ်ချမှတ်ခံရသူတွေလည်း ပါဝင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ထောင်ဝသွားကြိုခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်းက မြစ်မခသတင်းဌာနသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။
မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုမျိုးမင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်အလုပ် မလုပ်တော့ပေမဲ့ နေအိမ်မှာရှိနေစဉ် စစ်တပ်နဲ့ ရဲတပ်သား ၃၀ ကျော်လောက်က လာရောက်ဖမ်းဆီးသွားတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“နေ့လယ်ပိုင်းကတည်းက လာဖမ်းတာ စစ်တပ်ရော ရဲရောပါတယ်။ ၃၀ ကျော်လောက်ပေါ့။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိသေးဘူး။ မိသားစုဝင်တွေလည်း ဘယ်လိုက်ရမလဲ မသိဖြစ်နေကြတယ်။ ခုတော့ စခန်းလိုက် မေးနေတယ်”လို့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ ကျော်ထိရှိလာပြီဖြစ်ပြီး အဲ့အထဲမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။