ကိုဗစ်-၁၉ အထူးချေးငွေ

June 26, 2020

ကျောက်ပန်းတောင်း တောင်သူများအတွက် ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ပေး

လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေဖို့ ရည်ရွယ်ပြီး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉ အထူးချေးငွေ စတင်ထုတ်ချေးပေးနေတယ်လို့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူက ပြောပါတယ်။ ‌ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် မိုးရာသီ သီးနှံလျာထားချက်အတိုင်း ကျေးရွာအုပ်စု ၉၁ အုပ်စုက တောင်သူ ၁၃၇၀၀ တို့အတွက် တစ်ဧကကို ၅ သောင်းနှုန်းနဲ့ စုစုပေါင်းစိုက်ပျိုး ဧက ၆ ထောင်အတွက် ဇွန် ၂၃ ရက်က စတင်ထုတ်ချေးပေးနေတာပါ။ ဒါကြောင့် ကျောက်ပန်းတောင်းမြို့နယ်မှာ စုစုပေါင်း ချေးငွေ သိန်း ၃၀၀၀ ထောင်ဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ မြန်မာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအပေါ်မှာ အတိုင်းတာတခုအထိ ထိခိုက်မှုရှိလာနိုင်တဲ့အတွက် အခုလို ဆောင်ရွက်ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၅၈ စုက တောင်သူတွေကို ထုတ်ချေးပြီးသွားပြီးဖြစ်ကာ နောက်ထပ် ၄၃ အုပ်စု ကျန်ရှိနေသေးတယ်လို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ စာရင်းအချက်လက်တွေအရ သိရပါတယ်။ ဒါ့အပြင် အခုလို ချေးငွေထုတ်ပေးတဲ့နေရာမှာ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလအတွင်း လူစုလူဝေးမဖြစ်စေဖို့ ကျောက်ပန်းတောင်းမြို့က ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း လူငယ်တွေက နေ့စဉ်ကူညီပေးနေတယ်လို့ သိရပါတယ်။  ဇေယျ (နတ်မောက်)
1 year Ago

June 16, 2020

တောင်သူလယ်သမားများကို ကိုဗစ်-၁၉  အထူးချေးငွေ ၁ ဧက ကျပ် ၅၀၀၀၀ ထုတ်ချေးမည်

မြန်မာနိုင်ငံတဝန်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉  အထူးချေးငွေအဖြစ် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က  ထုတ်ချေးပေးသွားဖို့ ရှိနေပါတယ်။  ကိုဗစ်-၁၉ ရောဂါဟာ မြန်မာလယ်ယာကဏ္ဍဖွံ့ဖြိုးရေး အပေါ်မှာလည်း ထိခိုက်မှုတွေ ရှိနေတာကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ကုစားဖို့အတွက် တောင်သူလယ်သမားတွေကို အစိုးရက အထူးချေးငွေ ထုတ်ချေးပေးဖို့ စီစဉ်ခဲ့တာပါ။ ကိုဗစ်-၁၉  အထူးချေးငွေအဖြစ်  လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ လယ် ၁၀ ဧကအထိ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် က “အခု ထုတ်ချေးပေးမယ့် ကိုဗစ်-၁၉ အထူးချေးငွေဟာ နှစ်စဉ် ထုတ်ချေးပေးနေတဲ့ လယ် တစ် ဧက ၁ သိန်းခွဲနှုန်း မဟုတ်ဘဲ ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ သီးသန့်ထုတ်ချေးပေးတဲ့ ချေးငွေ အမျိုးအစား ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉ အထူးချေးငွေကိုတော့ ဇွန်လအတွင်း စတင် ထုတ်ချေးပေးနိုင်အောင် စီစဉ်နေတာပြီး အတိုးနှုန်းဟာ ၅ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။ ချေးငွေ စည်းကမ်းချက်တွေမှာတော့ ပုံစံ ၇ မူရင်း ရှိသူနဲ့ အကြွေးကျေထားတဲ့ တောင်သူလယ်သမားကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဒီကိုဗစ်-၁၉  အထူးချေးငွေကိုတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်လည် ပေးဆပ်ရာမှာ ဖြစ်တယ်လို့ မန်နေဂျာ ဦးကျော်စွာလှိုင်ကပြောပါတယ်။ ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ပေးမယ်ဆိုရင် တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် ပိုရပြီး အဆင်ပြေလာကြမယ်လို့ သထုံမြို့နယ် ဒုံဝင်းကျေးရွာ လယ်သမား ကိုအောင်ဝင်းက ပြောပါတယ်။  မွန်ပြည်နယ်မှာတော့  အထူးချေးငွေကို  လယ်ဧကပေါင်း ၂၈၀၀၀၀ ကျော်အတွက် ငွေကျပ်သန်းပေါင်း ၁၀၀၀၀ ကျော် ထုတ်ချေးပေးသွားဖို့ လျာထားပါတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ သတင်း- ဇော်လွင်ထွဋ် 
1 year Ago
Up