ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

December 16, 2020

မန္တလေးတွင် ၇ လသားအရွယ်ကလေးငယ် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ဒီဇင်ဘာလ ၁၆ ရက် မနက် ၃  နာရီလောက် က အသက် ၇ လသားအရွယ် ကလေးငယ် တစ်ယောက် ကိုဗစ်-၁၉  ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက အတည်ပြုပါတယ်။ ကလေးငယ်ဟာ ချောင်းဆိုးရင်ကြပ်ပြီး မောနေတဲ့အတွက် ဆေးရုံကို ရောက်ရှိခဲ့ပြီး စောင့်ကြည့်ခန်းမှာ ထားရှိကာ  ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးရာ ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက “ ကိုဗစ် Positive ဖြစ်တော့ ကလေးကို Ventilator ပေးတယ်။ အဲ့ဒီ Ventilator ပေးနေရင်းနဲ့ ဆုံးတာပါ” လို့ ပြောပါတယ်။ မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် အထိ   ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာတင် အတည်ပြုလူနာက  ၈၂,၀၀၀ ကျော်ရှိတာပါ။ သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၁၂၈ ယောက်ရှိပြီး လက်ရှိ တစ်တိုင်းလုံးမှာ ဆေးရုံတက်နေရသူကတော့ ၂၇၉၅ ယောက် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ သတင်း- နိုင်လင်းဦး/ဓာတ်ပုံ- ပရဟိတမင်းခေါင်
5 months Ago

September 22, 2020

ကိုဗစ်-၁၉ လူနာ ၁၃ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၁၃ ဦးရှိလာ

အသက် ၈၀ အရွယ် လူနာ ၂ ဦးအပါအဝင်  ၁၃ ဦးထပ်မံသေဆုံးသွားပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း ၁၁၃ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသွားသူတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၇၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၈၀ အရွယ် အမျိုးသား တစ် ဦးပါဝင်ပါတယ်။ ဒါ့အပြင် မြောက်ဥက္ကလာပဆေးရုံက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံက အသက် ၇၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ သင်္ကန်းကျွန်းစံပြဆေးရုံက အသက် ၈၀ အရွယ်အမျိုးသမီး တဦးနဲ့  ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးက  အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ပါဝင်ပါတယ်။  စက်တင်ဘာ ၂၁ ရက်နေ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆၅ ဦးဖြစ်ပြီး  စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲ အထိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၆၄၇၀ ဦးနဲ့ သေဆုံးသူပေါင်း ၁၁၃ ဦး ရှိတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
8 months Ago
Up