ကိုဗစ်-၁၉ ကပ်ဘေး

September 1, 2020

ကိုဗစ်ကပ်ဘေးကာလ အင်ဒိုနီးရှားတွင် Drive-in ဖျော်ဖြေပွဲကျင်းပ 

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မော်တော်ကားနဲ့ လာကြည့်တဲ့ ပရိသတ်တွေကို သီဆိုဖျော်ဖြေတဲ့ Drive-in ရှိုးပွဲကို  အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ  သြဂုတ် ၂၉ ရက်က  ပထမဆုံး ကျင်းပခဲ့ပါတယ်။  အဲဒီရှိုးပွဲကို  နှစ်ရက်ကြာ တင်ဆက်ပြီး ပထမဆုံး ဖျော်ဖြေတဲ့အဖွဲ့ကတော့ ကတ်ဟီနာဆိုတဲ့  ဒေသပေါ့ပ်အဖွဲ့တစ်ခု ဖြစ်ပါတယ်။  "New Live! Experience Concert", လို့ခေါ်တဲ့   drive-in ရှိုးပွဲကို  မော်တော်ကားစီးရေ ၃၀၀ လောက်နဲ့ ရွှေပွဲလာ ပရိသတ် ၉၀၀ လောက်လာရောက် အားပေးခဲ့ပါတယ်။  မော်တော်ကားနဲ့ လာရောက် ရှုစားရတယ်ဆိုပေမယ့်  ရှိုးပွဲလာသူတွေကို အပူချိန်တိုင်းပြီး  ၃၇ ဒသမ  ၂ ဒီဂရီ စင်တီဂရိတ် ကျော်တာနဲ့  ယာယီဆေးခန်းကို စေလွှတ်ပါတယ်။ ရှိုးပွဲမှာ ကားဟွန်းတီးသံနဲ့ ကားမီးထိုးတာတွေက လက်ခုပ်သံတွေ နေရာမှာ အစားထိုးလာပါတယ်။ ပရိသတ်တစ်ဦးဖြစ်သူ အမ်မလီယာကလည်း ကပ်ရောဂါက ဘယ်တော့ပြီးမှန်း မသိတာမို့  ဒီအစီအစဉ်ဟာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒီရှိုးပွဲဟာ ဖျော်ဖြေရေးလုပ်ငန်းတွေ ပြန်စဖို့ တွန်အားပေးမယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားဟာ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် ၁၇၀၀၀၀  နီးပါးနဲ့ ဒုတိယအများဆုံး ဖြစ်ပြီး သေဆုံးသူ ၇၀၀၀ ကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။
9 months Ago

August 4, 2020

ကိုဗစ်-၁၉ ကပ်ဘေးကနေ ပုံမှန်ပြန်ဖြစ်ရန် ခရီးရှည်လျှောက်ရဦးမည်ဟု WHO ပြော

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးအတွက် ငွေကျည်ဆန် ဘယ်တော့မှ ရှိမှာမဟုတ်ဘဲ ပုံမှန်လမ်းကို ပြန်ရောက်ဖို့ ခရီးရှည်လျှောက်ရဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သြဂုတ် ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ သြဂုတ် ၃ ရက်အထိ အတည်ပြုချက်အရ ကမ္ဘာတဝန်းမှာ လူ ၁၈ ဒသမ ၁၄ သန်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လူပေါင်း  ၆၈၈,၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ တချို့နိုင်ငံတွေကတော့ အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီး ပြန်နာလန်ထလာခဲ့ကြပါပြီ။ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ဖို့၊ လူချင်းခွာနေဖို့နဲ့ လက်ဆေးဖို့၊ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးဖို့ စတဲ့ ကျန်းမာရေးလုပ်ဆောင်ချက်တွေကို နိုင်ငံအားလုံးက တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ကြဖို့ WHO ရဲ့ အတွေင်းရေးမှူးချုပ်ကရော အရေးပေါ်ဌာန အကြီးအကဲတို့ကပါ အလေးအနက် တိုက်တွန်းထားပါတယ်။ WHO အကြီးအကဲ တေဒရိုက  “စမ်းသပ်ဆဲ ကာကွယ်ဆေး အတော်များများက အဆင့် ၃ လက်တွေ့စမ်းသပ်ချက်ကို ရောက်နေပြီ။ လူတွေ ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကူညီမယ့် ထိရောက်တဲ့ ကာကွယ်ဆေးတွေ ရဖို့ ကျနော်တို့အားလုံး မျှော်လင့်ထားတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်နှုန်း မြင့်မားတဲ့အတွက် လူနေသိပ်သည်းတဲ့ ဘရာဇီးနဲ့ အိန္ဒိယတို့လို နိုင်ငံတွေမှာ စစ်ပွဲရင်ဆိုင်သလို သတိထားဖို့ လိုတယ်လို့ WHO အရေးပေါ်ဌာန အကြီးအကဲ ရိုင်ယန်က ပြောပါတယ်။ ကူးစက်မှု စတင်ရာ တရုတ်နိုင်ငံဆီကို လွှတ်ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ခုထိ ပြန်ရောက်မလာသေးဘူးလို့လည်း WHO အရာရှိတွေက ပြောပါတယ်။ ကူးစက်ခံ သေဆုံးနှုန်းက ဝ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့လည်း WHO ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ နည်းပညာ အကြီးအကဲက ခန့်မှန်းထားပါတယ်။ ရလဒ် အမြန်ထွက်အောင် စစ်ဆေးနိုင်တဲ့ကိရိယာကို တီထွင်နိုင်တာကလည်း ရောဂါကူးစက်နှုန်းကို ထိန်းချုပ်ရာမှာ အကူအညီ ရနိုင်တယ်လို့ သူက ပြောပါတယ်။
9 months Ago
More News
Up