ကိုဗစ်ဆေးထုတ်လုပ်ရေး

June 22, 2021

ကိုဗစ်ဆေးထုတ်လုပ်ရေးအတွက် တောင်အာဖရိကကို နည်းပညာလွှဲပြောင်းရန် WHO ပြင်ဆင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ဟာ တောင်အာဖရိကနိုင်ငံကို ကိုဗစ်-၁၉  ကာကွယ်ဆေး mRNA အမျိုးအစားထုတ်လုပ်ဖို့ နည်းပညာလွှဲပြောင်းရေး အချက်အချာနေရာအဖြစ် ပြင်ဆင်နေတယ်လို့ ဇွန် ၂၁ ရက်မှာ ကြေညာပါတယ်။

ဒီအစီအစဉ်ဟာ ၉ လကနေ ၁၂ လအတွင်း ကာကွယ်ဆေး ထိုးဆေးတွေကို စတင်ထုတ်လုပ်နိုင်မယ်လို့ WHO ရဲ့ ညွှန်ချုပ် တေဒရို အဒါနွန် ဂေဘရီယေးဆပ်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်ဟာ အာဖရိကတိုက်တလွှား ကာကွယ်ဆေးရရှိရေး တိုးမြှင့်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ကျန်ခဲ့တဲ့ သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ၄၀ ရာခိုင်နှုန်း နီးပါးထိ တိုးလာတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဖှိုက်ဇာ၊ ဘိုင်အိုအန်တက်ခ်နဲ့ မိုဒါနာ ဆေးဝါးကုမ္ပဏီတွေဟာ mRNA နည်းပညာကို သုံးထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အဓိက ထုတ်လုပ်တာပါ။

တောင်အာဖရိက သမ္မတ ရာမာဖှိုဆာကတော့ ဒီကနဦးခြေလှမ်းကနေတဆင့် အာဖရိကကို ရောဂါနဲ့ ဆင်းရဲညံ့ဖျင်းတဲ့ တိုးတက်မှုတို့ရဲ့ ဗဟိုဌာနဆိုတဲ့ အဖြစ်ကနေ ပြောင်းပစ်မယ်လို့ ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ကို စွန့်လွှတ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO မှာ ဆွေးနွေးခဲ့တာကို ရည်ညွှန်းရင်း “ဒီနေ့ဟာ သမိုင်းဝင်နေ့ပဲ၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းတရပ်အဖြစ် ဒါကို ကျနော် မြင်တယ်” လို့ ရာမာဖှိုဆာက ပြောပါတယ်။

3 months Ago
Up