ကိုဗစ်ကာကွယ်ဆေး ၄ သန်း

July 25, 2021

ကိုဗစ်ကာကွယ်ဆေး ၄ သန်း မြန်မာနိုင်ငံရောက်လာရန်ရှိဟု NUG ပြောခွင့်ရ ဒေါက်တာ ဆာဆာ ပြော

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး မကြာခင်မှာ မြန်မာ နိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ၄ သန်းရောက်လာဖို့ ရှိတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာက ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်လာတဲ့ကာကွယ်ဆေးတွေ ပြည်သူတွေကို ထိုးနှံပေးဖို့ ကျန်းမာရေး ဝန်ထမ်းတွေကသာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်တလောမှာ သူတို့တွေကို စစ်ကောင်စီက မတရားပုဒ်မတပ်ပြီး ဖမ်းဆီးမှုတွေရှိနေတာကြောင့် မြေပြင်အကောင်အထည်ဖော်တဲ့အခါမှာ စစ်ကောင်စီက ဖျက်ဆီးမှုတွေလုပ်ဆောင်လာမှာကိုလည်း စိုးရိမ်မိတယ်လို့လည်းဆိုပါတယ်။

လတ်တလော ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ကိုဗစ်-၁၉  task force ကို ဖွဲ့စည်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာပြီး နေ့စဉ်သေဆုံးသူ အများအပြား ရှိနေတာကို အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှုပြီး အာဏာတည်မြဲနေရေးအတွက် ကိုဗစ်-၁၉ ကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ မကူညီနိုင်အောင် စစ်ကောင်စီက လုပ်ဆောင်နေပြီး ပြည်သူတွေ ဒုက္ခရောက်ပြီး ငတ်မွတ်ခေါင်းပါးနေတာကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက မြင်ချင်နေတာဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ပြောဆိုပါတယ်။

တစ်ကမ္ဘာလုံးက မြန်မာပြည်သူတွေကို ကူညီဖို့အဆင်သင့်ဖြစ်နေပြီး ကူညီမှု‌တွေ ရောက်မလာအောင် လက်နက်အားကိုးပြီး လူထုကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရှိနေတာကြောင့် ခက်ခဲနေတာလို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ နေ့စဉ်ထောင်နဲ့ချီကူးစက်နေပြီး သေဆုံးသူ အရေအတွက်ကလည်း တစ်နေ့ကို ၁၀၀၀ နီးပါးသေဆုံးနေပါတယ်။

အခုလိုသေဆုံးမှုတွေရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ ကိုဗစ်-၁၉ကို ထိန်းချုပ်ထားနိုင်ကြောင်း ဝါဒဖြန့်မှုမျိုးစုံပြုလုပ်နေပါတယ်။

ဒါ့အပြင်တပ်ထဲမှာကူးစက်နေတဲ့အရေအတွက် များပြားလာပြီး တပ်မတော်အရာရှိ စစ်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ပေးထားနိုင်ခြင်းမရှိဘူးလို့ စစ်တပ် အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ 

3 months Ago

July 15, 2021

တရုတ်မှ ကိုဗစ်ကာကွယ်ဆေး ၄ သန်းဝယ်ယူထား၊ ယခုလကုန် ၁ သန်း ရောက်မည်

       တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း အခုလ နောက်ဆုံးပတ်ထဲမှာ ရောက်ရှိမှာဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

       ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးအရေအတွက်စုစုပေါင်း ၄ သန်း ဝယ်ယူထားခဲ့ပြီး ကျန်တဲ့ ၃ သန်းကတော့ နောက်လ ဩဂုတ်လ ပထမ ပတ်ထဲမှာ ရောက်ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

       ဒါ့အပြင် ဩဂုတ်လထဲမှာပဲ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂ သန်း လည်း ရောက်ရှိလာမှာဖြစ်ကာ ရရှိလာမယ့် ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၆ သန်းကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးဖို့ ဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများ တဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၈,၃၅၇ ယောက်၊ သေဆုံးသူပေါင်း ၄,၁၈၁ ယောက်ထိ ရှိလာခဲ့ကာ အာဆီယံဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေပါတယ်။

3 months Ago
Up