ကိုဗစ်ကာကွယ်ဆေ

January 24, 2021

ကိုဗစ်ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ စထိုးပေးမည်

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို အခုလာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေးတော့မယ်လို့ သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ပထမအသုတ်မှာ ပါဝင်တဲ့  ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးသွားမယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲရဲ့ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးမှာ တပြိုင်တည်းထိုပေးမှာလား ဒါမှမဟုတ် ရောဂါဖြစ်ပွားမှုများနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စထိုးပေးမလားဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကိုတော့   ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေကို ပထမဦးစားပေးထိုးနှံသွားမှာဖြစ်ပါတယ်။  နိုင်ငံ့တာဝန်တွေကို အရေးကြီး လုပ်ဆောင်နေတဲ့  ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဒုတိယဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး တတိယအုပ်စုအနေနဲ့ကတော့ ရောဂါကူးစက်နိုင်တဲ့သူတွေကို ထိုးပေးဖို့ သတ်မှတ်ထားပါတယ်။ ဗဟိုအဆင့်မှာတော့ ကာကွယ်ဆေးထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ သင်တန်းပို့ချပေးနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဇန်နဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သင်တန်းပို့ချသွားမယ်လို့ ဒေါက်တာခင်ခင်ကြီးက  ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးအာနိသင် သက်ရောက်ဖို့အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ထိုးရမှာဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံက ပေးပို့တဲ့ ကိုဗစ် ကာကွယ်ဆေး ၁ သန်းခွဲဟာ လူဦးရေ ၇ သိန်းခွဲကို ထိုးနှံနိုင်မှာလည်းဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေးရောက်ရှိလာမယ်ဆိုရင်လည်း အရေးကြီးအုပ်စုအလိုက်ခွဲခြားပြီး ထိုးပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  ရန်ကုန်မြို့က မြို့နယ်တချို့မှာ ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းကောက်ခံတာတွေ လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။   
3 months Ago

ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ‌စေတနာ့ဝန်ထမ်းစာရင်းများ ကောက်ခံနေ (ဓာတ်ပုံ)

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ဦးစားပေးအုပ်စုတွေထဲက စေတနာ့ဝန်ထမ်းများ ကို ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်ပြီး စာရင်းကောက်ခံနေပြီလို့ သိရပါတယ်။ "အစ်ကိုတို့ကိုတော့ ၂၃ ရက်ဇန်နဝါရီလက လာကောက်သွားပါပြီ။ စာရင်းပေးလိုက်ပါပြီ" လို့ ဒဂုံအရှေ့ပိုင်းမြို့နယ် စေတနာရှင် ပရဟိတအသင်းမှ ကိုဖြိုးက ပြောပါတယ်။ စေတနာ့ဝန်ထမ်းစာရင်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနေတာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးရမယ့် ပြည်သူတွေရဲ့ အမည်စာရင်းအပြည့်အစုံကို မြို့နယ်လူဦးရေ ထူထပ်သိပ်သည်းမှုအပေါ်  မူတည်ပြီး ဦးစားပေး အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ဇန်နဝါရီ လကုန်ပိုင်းထက်နောက်မကျဘဲ အဲဒီစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေနဲ့ စိစစ်ညှိနှိုင်းရွေးချယ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားဆင့် ဗဟို‌ကော်မတီက ဇန်နဝါရီ ၂၂ ရက် ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA  
3 months Ago

January 23, 2021

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

အခုထိဆို ကိုဗစ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ ကမ္ဘာ အရပ်ရပ်မှာ ကိုဗစ်က ဖြစ်ပွားနေဆဲ ဖြစ်သလို သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။ ကိုဗစ် ဖြစ်ပွားနေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးအပါအဝင် ကိုဗစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အပတ်တကုပ် ရှာဖွေမှုတွေ လုပ်နေကြပါတယ်။ ဒီရှာဖွေမှုတွေ၊ ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စတင် ထိုးနှံမှုတွေကိုလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ ဒီတော့ လူတိုင်း သိချင်နေလောက်မယ့် ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွား ပါမယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ                 ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ….. ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း တုပ်ကွေးကာကွယ်ဆေးအပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ခံစားရသလို . ကိုယ်ပူတာ . ဖျားတာ . ချမ်းတုန်တာ . ခေါင်းကိုက်တာ . ခြေကုန်လက်ပမ်းကျတာ ဆေးထိုးထားတဲ့နေရာမှာ . နာတာ . အဖုထတာ . ရောင်ရမ်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကပုံမှန် ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာတွေ သက်သာစေဖို့အတွက် . ဆေးထိုးထားတဲ့နေရာကို ရေအေးဝတ်စသန့်သန့်လေး ကပ်ပေးတာ . ရေခဲဝတ်ကပ်ပေးတာ . လက်မောင်းလေ့ကျင့်ခန်းလုပ်တာတွေ လုပ်လို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂၄ နာရီကြာတဲ့အထိ ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာမပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။ ဖျားတာ၊ ပင်ပန်းတာတွေကို သက်သာစေဖို့ဆိုရင် . သောက်ရေ အပါအဝင် အရည် များများ သောက်တာ . အနားယူတာ . ချည်သား ပွပွချောင်ချောင်လေတွေ ဝတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ရက်အနည်းငယ် ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။ ရောဂါဖြစ်ပြီးသူရော ထိုးလို့ရမလား………. ကိုဗစ် ကူးစက်ပြီးသွားပြီဆိုရင် ကာကွယ်ဆေး ထိုးဖို့ မလိုတော့လောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ရောဂါဖြစ်ပြီးသူတွေမှာ antibody ထွက်နေတဲ့ ၆ လအတွင်း ကူးစက်ခံရနိုင်ခြေ နည်းပေမယ့်။ ကိုဗစ်က ထပ်မံ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်တာကြောင့် ရောဂါ ဖြစ်ပြီးရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုပါဦးမယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်ရင် ကိုဗစ် ဖြစ်သွားမှာလား………. ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် မဖြစ်ပါဘူး။ အကြောင်းကတော့ ကာကွယ်ဆေး ထုတ်ဖို့သုံးထားတဲ့ ပိုးတွေက သေပြီးသား ဒါမှမဟုတ် အားပျော့နေတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုတာကြောင့်ပါ။ ကိုဗစ် ကာကွယ်ဆေးက messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်းကို သုံးထားတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ် မဖြစ်ပါဘူး။ ကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်မလား……… ကာကွယ်ဆေးက . Pfizer-BioNTech ဆိုရင် ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၃ ပတ် ဒါမှမဟုတ် ၂၁ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။ . Moderna ဆိုရင်လည်း ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၁ လ ဒါမှမဟုတ် ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။ ဘယ်သူတွေ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလဲ………..           ကိုဗစ် ကာကွယ်ဆေးကို အခုလို အခြေအနေရှိသူတွေ မထိုးသင့်ပါဘူး။ . ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူတွေ . ကာကွယ်ဆေးနဲ့ ဓာတ်မတည့် ဖြစ်သူတွေ . ကိုယ်ဝန်ဆောင် မိခင်တွေ . နို့တိုက် မိခင်တွေ . ကလေးငယ်တွေ . အသက် ၁၈ နှစ် အောက်တွေ . နာတာရှည်ရောဂါ ခံစားနေရသူတွေ . ကိုဗစ်ရောဂါ လက္ခဏာ ခံစားနေရသူတွေ( လောလောဆယ်မှာ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုရင် ရက်သတ္တပတ် ၄ ပတ် ကြာပြီးနောက်မှ ရောဂါလက္ခဏာတွေ ခံစားရတာ မရှိဘူး။ အဖျားလည်း သက်သာပြီဆိုမှ ဆေးထိုးဖို့ လုပ်ဆောင်ရပါမယ်။ အခု ပြောခဲ့တဲ့ အခြေအနေရှိသူတွေဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးသည့်တိုင် လိုက်နာရမယ့် ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ လက်ဆေးတာ၊ အပြင်သွားတဲ့အခါ ပါးစပ် နဲ့ နှာခေါင်းစည်း တပ်ဆင်တာတွေကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီ အချက်တွေအပြင် လူစုလူဝေး ရှောင်ရှားတာ၊ အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ အိပ်ရေးဝဝ အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်နေတဲ့ အနီးဝန်းကျင်က သူတွေကိုပါ ကိုယ့်ကြောင့် ကိုဗစ် မကူးစက်နိုင်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။  
4 months Ago
More News
Up