ကားမှောက်
May 13, 2021
ထိုင်းသို့ တရားမဝင် ဝင်လာသူများကို တင်ဆောင်လာသည့်ကားမှောက်၊ မြန်မာ ၆ ဦးဒဏ်ရာရ
ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မေလ ၁၂ ရက်က တရားမဝင် ဝင်ရောက်သူတွေ တင်ဆောင်လာတဲ့ကားက  စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ထွက်ပြေးစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး  မြန်မာ ၆ ဦးဒဏ်ရာရသွားပါတယ်။
ထောင်းဖာဖူးမြို့နယ်ထဲကို တဘက်နိုင်ငံက တရားမဝင်သူတွေ လှေနဲ့စီးပြီးဝင်ရောက်လာကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက နေရာ အသီးသီးမှာ စောင့်ကြပ်ခဲ့ပါတယ်၊  မေလ ၁၂ ရက် မနက် ၃ နာရီလောက်မှာတော့ ခနွန်ခလီရွာ ဘက်ကနေ မောင်းလာတဲ့ကား ၃ စီးကိုတွေ့လို့ တာဝန်ရှိသူတွေက လူယောင်ပြထွက်ပြီး တားဆီးဖို့ ပြင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေကိုတွေ့တော့ ပထမဆုံးကားက ချက်ချင်း နောက်ပြန်လှည့်ပြီး အမြန်မောင်းစဉ်နောက်ကလိုက်လာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်ပြန်တိုက်မိပြီး ၁ စီးက တိမ်းမှောက်သွားကာ နောက်တစီးမှာ ကားခေါင်းတခုလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 
တာဝန်ရှိသူတွေရောက်သွားချိန်မှာ ကားမောင်းသမား ၃ ဦးလုံး မှောင်ရိပ်ခို ထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရရသူ ၆ ဦးတွေ့ကြောင်း၊ သူတို့ကို ထောင်းဖာဖူး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သူတွေကိုစစ်ဆေးရာထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်အထောက်အထား တစုံ တရာမရှိတဲ့အတွက် အဆိုပါ ကား ၃ စီးကနေ တရားမဝင် ဝင်ရောက်သူပေါင်း ၄၅ ဦးနဲ့ လမ်းပြ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 
နောက်ထပ် တရားမဝင်သူတွေတင်ဆောင်လာတဲ့ ကားရှိနေသေးကြောင်းသတင်းရတဲ့ အတွက်တာဝန်ရှိသူတွေက နယ်မြေထဲလိုက်လံရှာဖွေရာမှာ မနက် ၈ နာရီမှာတော့ တော အုပ်အနီး လမ်းဘေးမှာရပ်ထားတဲ့ ဟိုင်းလပ်ကား ၁ စီးပေါ်ကနေ နောက်ထပ်တရားမဝင် ဝင်ရောက်သူ ၃၁ ဦးကို ကားသမား ၁ ဦးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ အဆိုပါ ကား ၄ စီးမှာ တစ်ဖွဲ့ တည်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက်သွားပြီးအလုပ်လုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၆၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ည ၉ နာရီလောက်မှာလည်း ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောအုပ်ထဲကနေ တရားမဝင်ဝင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဆက်လက်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူတို့တွေဟာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ကဖြစ်ပြီး တောထဲကနေ ၄ ရက်က ခြေလျင်လျှောက်ခဲ့ရကြောင်း၊ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့က တနေ့တည်းမှာဘဲ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူပေါင်း ၁၀၆ ဦး အဖမ်း ခံခဲ့ရတယ်လို့ the reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 
ဖမ်းဆီးခံရသူတွေ အားလုံးကို ကိုဗစ် - ၁၉ ရောဂါအခြေခံစစ်ဆေးပြီး လဝက ဥပဒေနဲ့အရေးယူကာ ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ 
5 days Ago
August 21, 2019
လာအိုတွင် ကမ္ဘာလှည့်ခရီးသည်တင်ကား လျှိုထဲကျ၊ ခရီးသည် ၁၃ ဦး သေဆုံး
လာအိုနိုင်ငံ မြောက်ပိုင်း လွမ်ပရာဘမ်မြို့အနီးမှာ သြဂုတ် ၁၉ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင် ကားတစီး လျှိုထဲထိုးကျပြီး လိုက်ပါလာတဲ့ တရုတ်ခရီးသွား ၁၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီကားပေါ်မှာ တရုတ်ခရီးသွား ၄၄ ယောက်နဲ့ လာအိုနိုင်ငံသား ၂ ယောက် လိုက်ပါလာတာပါ။ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက တရုတ်နိုင်ငံသား ၁၃ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရတဲ့သတင်းကို သြဂုတ် ၂၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လာအိုနိုင်ငံသား ၂ ယောက်လည်း ဒဏ်ရာရခဲ့သလို ဒဏ်ရာရသူတွေကို တရုတ်စစ်ရဟတ်ယာဉ်တွေပေါ် တင်ဆောင်ပြီး တချို့ကို မြို့တော် ဗီယန်ကျင်းက ဆေးရုံဆီ ပို့ဆောင်ကုသပေးနေတယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။ ကားမတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့လည်း CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
2 years Ago
Up