ကာရာဘောင်ဖလား

February 25, 2019

လူစားလဲမှု လက်မခံသည့်ကိစ္စ နည်းပြ ဆာရီကို မလေးစားခြင်းမဟုတ်ကြောင်း ကယ်ပါပြော

မန်စီးတီးနဲ့ပွဲစဉ်မှာ လူစားလဲမှု လက်မခံခဲ့တာဟာ နည်းပြဆာရီနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို မလေးစားတာကြောင့် မဟုတ်ဘူးလို့ ချဲလ်ဆီးဂိုးသမား ကယ်ပါက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇာ ဘလာဂါဟာ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲ အချိန်ပို ပြီးဆုံးခါနီးမှာ အရန်ဂိုးသမား ကာဘယ်လီယိုနဲ့ လူစားလဲဖို့ နည်းပြဆာရီက ပြုလုပ်ခဲ့တာကို လက်မခံခဲ့ဘဲ ပွဲဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြဆာရီနဲ့ လက်ထောက်နည်းပြ ဇိုလာတို့က ဒေါသထွက်ခဲ့ကြပြီး ဆာရီက ကွင်းအပြင်ထွက်သွားဖို့အထိ လုပ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကယ်ပါက မိမိရဲ့ ဒဏ်ရာအခြေအနေကြောင့် ပွဲဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြက ထင်ခဲ့တာဖြစ်ပြီး လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် မိမိအနေနဲ့ ပယ်နယ်တီဖမ်းဖို့အတွက် အဆင်ပြေတာကြောင့် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖြေရှင်းသွားပါတယ်။ ဒါ့အပြင် နည်းပြဆာရီနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အပေါ်မှာလည်း အပြည့်အဝ လေးစားမှုရှိတယ်လို့ ဆိုပါတယ်။ နည်းပြဆာရီကတော့ ကယ်ပါရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပေမယ့် ဖြေရှင်းနည်းကတော့ မှားနေတယ်လို့ ပြောကြားသွားပါတယ်။ ချဲလ်ဆီးဂိုးသမား ကယ်ပါဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ ဆာနေးရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့်  ဒေးဗစ်လူးဝစ္စနဲ့ ဂျော်ဂျင်ဟိုတို့ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ရှုံးပြီး ချန်ပီယံဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
2 years Ago

ချဲလ်ဆီးကိုနိုင်ပြီး မန်စီးတီး ကာရာဘောင်ဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

အင်္ဂလန်ဘောလုံးရာသီရဲ့ ပထမဆုံး ဆုဖလားလုပွဲအဖြစ် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ မနေ့ညက ကာရာဘောင်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ မန်စီးတီးက ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဒီရာသီအတွက် ပထမဆုံးဆုဖလား ရယူသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဝီလျံ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ပက်ဒရို၊ လူးဝစ္စ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို မန်စီးတီးကလည်း အဂွေရို၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း၊ ဖာနန်ဒင်ဟိုတို့ ဦးဆောင် ယှဉ်ပြိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိပါဘူး။ သာမန် ပွဲကစားချိန် မိနစ် ၉၀ အထိ သရေကျပြီး အချိန်ပို နာရီဝက် ဆက်လက်ယှဉ်ပြိုင်ရာမှာလည်း တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာတော့ ချဲလ်ဆီးက ဂျော်ဂျင်ဟိုနဲ့ ဒေးဗးစ်လူးဝစ္စတို့ရဲ့ ပယ်နယ်တီ မဝင်တဲ့အတွက် မန်စီးတီးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်ဖလား ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
2 years Ago

January 25, 2019

စပါးကိုအနိုင်ယူပြီး ချဲလ်ဆီး လိဂ်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ပယ်နယ်တီအဆုံးအဖြတ်မှာ ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က စပါးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ အခု ဒုတိယအကျော့မှာတော့ အိမ်ရှင် ချဲလ်ဆီးက ပွဲချိန် ၂၇ မိနစ်မှာ ကန်တေ၊ ၃၈ မိနစ်မှာ ဟာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ပေမယ့် မိနစ် ၅၀ မှာ လော်ရန်တေးက စပါးအတွက် ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပါတယ်။ သာမန်ပွဲကစားချိန်မှာ ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေဖြစ်နေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာတော့ ချဲလ်ဆီးအသင်းက ၄ ဂိုးဝင်ပြီး စပါးအသင်းက အဲရစ်ဒိုင်ယာရဲ့ ကန်သွင်းချက် ဂိုးပေါ်ထောင်သွားသလို လူးကပ်စ်မိုရာရဲ့ ကန်သွင်းချက်ကိုလည်း ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီး အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲ တက်သွားတာ ဖြစ်ပါတယ်။ လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up