ကာတာလန်

February 18, 2019

စပိန်တွင် ခွဲထွက်ရေးခေါင်းဆောင် ၁၂ ဦးကို တရားစီရင်မှုအပေါ် လူထောင်ချီ ဆန္ဒပြ

စပိန်နိုင်ငံ ကာတာလန်ပြည်နယ် ဘာစီလိုနာမြို့မှာ လွတ်လပ်ရေး လိုလားသူတွေ ထောင်နဲ့ချီ ဆန္ဒပြရာမှာ ကာတာလန် နိုင်ငံရေးသမားတွေလည်း ဖေဖော်ဝါရီ ၁၆ ရက်က ပူးပေါင်းခဲ့ပါတယ်။ ခွဲထွက်ရေးခေါင်းဆောင် ၁၂ ယောက်ကို တရားစီရင်မှုအပေါ် ဆန့်ကျင် ဆန္ဒပြကြတာပါ။ ဆန္ဒပြသူတွေဟာ ဘာစီလိုနာမြို့လယ်ကို စုပြုံရောက်လာပြီး လွတ်လပ်ရေးလိုလားတဲ့ အလံတွေကို ဝှေ့ယမ်းရင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကြွေးကြော်ခဲ့ကြပါတယ်။ ကာတာလန်သမ္မတ ကွင်မ်တော်ရာနဲ့ ကာတာလန် လွှတ်တော်ဥက္ကဋ္ဌ ရိုဂျာတောရန့်တို့လည်း ဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့ ရေးထားတဲ့ ပိုစတာကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ ခွဲထွက်ရေးခေါင်းဆောင် ၁၂ ယောက်ဟာ သူပုန်မှု၊ နိုင်ငံကိုဖြိုခွဲမှု၊ ၂၀၁၇ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း သူတို့ရဲ့ အခန်းကဏ္ဍအတွက် ပြည်သူပိုင်ငွေကို အလွဲသုံးစားမှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ စပိန်အခြေခံဥပဒေက စပိန်ရဲ့ ဘယ်ပြည်နယ်ကိုမဆို ခွဲထွက်ခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ထားပါတယ်။ အစိုးရကလည်း သူတို့ဟာ တရားဥပဒေစိုးမိုးရေးနဲ့အညီ တင်းတင်းကျပ်ကျပ် ဆုံးဖြတ်နေတယ်လို့ ပြောထားပါတယ်။ စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်ကလည်း ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၂၈ ရက်မှာ ကျင်းပဖို့ ဖေဖော်ဝါရီ ၁၅ ရက်က ဆော်သြလိုက်ပါတယ်။ လွတ်လပ်ရေးလိုလားတဲ့ ကာတာလန်ပါတီတွေက အဓိကကျတဲ့ အစိုးရ အသုံးစရိတ်မူကြမ်းကို ဆန့်ကျင်မဲပေးခဲ့အပြီးမှာ ရွေးကောက်ပွဲအတွက် ဆော်သြလိုက်တာ ဖြစ်ပါတယ်။
2 years Ago
Up