ကာကွယ်ဆေ

January 8, 2021

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုရှိဟု ဘရာဇီးကြေညာ

တရုတ်စီနိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးက  ဘရာဇီးနိုင်ငံရဲ့ နှောင်းပိုင်း အဆင့် စမ်းသပ်ချက်တွေအရ ၇၈ ရာခိုင်နှုန်း ထိရောက်ပြီး ပြင်းထန်တဲ့ ကူးစက်မှုတွေကို လုံးလုံး လျားလျား ကာကွယ်ပေးတယ်လို့  တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဇင်ဘာလမှာ  တူရကီသုတေသီတွေက ကြားဖြတ် အချက်အလက်တွေ အပေါ် အစီရင်ခံပြီး  စီနိုဗက်ကာကွယ်ဆေးဟာ ၉၁ ဒသမ  ၂၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ ပြောဆိုပြီး အခုလို ရလဒ် ပေါ်ထွက်လာတာပါ။ လက်တင်အမေရိကနဲ့ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံး  နိုင်ငံတွေဖြစ်တဲ့ ဘရာဇီးနဲ့ အင်ဒိုနီးရှားဟာ ကိုရိုနာဗက်လို့လည်းခေါ်တဲ့ စီနိုဗက်ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီလထဲမှာ ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။  စီနိုဗက်ရဲ့ ထိရောက်မှုဟာ  ၉၀ ရာခိုင်နှုန်းကျော် ထိရောက်တဲ့ မိုဒါနာနဲ့ ဖိုင်ဇာ ကာကွယ်ဆေးတွေထက်  နောက်ကိုရောက်ပေမဲ့ စီနိုဗက်ဟာ ပို့ဆောင်ရလွယ်ပြီး သာမန်ရေခဲသေတ္တာ အပူချိန်မှာ သိမ်းဆည်းနိုင်ပါတယ်။ တူရကီ ၊ ချီလီ ၊ စင်္ကာပူ ၊ ယူကရိန်းနဲ့ ထိုင်းတို့ကလည်း စီနိုဗက်နဲ့ ကာကွယ်ဆေး ဝယ်ယူရေး စာချုပ် ချုပ်ဆိုထားပါတယ်။  အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒုတိယသေဆုံးမှု အများဆုံး ဖြစ်တဲ့ ဘရာဇီးဟာ ၂၀၂၁ ရဲ့ ပထမနှစ်ဝက်မှာ လူဦးရေ လေးပုံတစ်ပုံဖြစ်တဲ့   လူပေါင်း ၅၁  သန်းကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးဖို့ ရည်မှန်းထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။     
4 months Ago

December 29, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် မိုဒါနားကုမ္ပဏီနှင့် တောင်ကိုရီးယား စာချုပ် ချုပ်မည်

တောင်ကိုရီးယားပြည်သူ  သန်း ၂၀ အတွက် မိုဒါနားကုမ္ပဏီထုတ်  ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေးစာချုပ် လက်မှတ်ထိုးမယ်လို့  တောင်ကိုရီးယားအစိုးရက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။  ဗြိတိန်မှာ ကူးစက်မှု မြင့်မားနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲကို တောင်ကိုရီးယားမှာ  ပထမဆုံး တွေ့ရှိတာကြောင့်  အများပြည်သူ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို တိုးမြှင့်သွားမယ်လို့ အာဏာပိုင်တွေ ကတိပြုပြိး နောက်ရက်မှာ ကြေညာခဲ့တာပါ။  တောင်ကိုရီးယား သမ္မတအိမ်တော် ပြောခွင့်ရ ပုဂ္ဂိုလ်က အခုထိ အစိုးရဟာ ပြည်သူ ၃၆ သန်းအတွက်  ကာကွယ်ဆေးဝယ်ယူရေး သဘောတူလက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ ဒီနှစ်အတွင်းမှာ မိုဒါနာကုမ္ပဏီနဲ့ စာချုပ်ချုပ်တာနဲ့ ပြည်သူ ၅၆ သန်းအတွက်  လုံလောက်တဲ့ ကာကွယ်ဆေး ရသွားမယ်လို့  သူက ပြောပါတယ်။  ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ  အထူးကုဆေးရုံတွေနဲ့ သက်ကြီးဂေဟာတွေက ဖြစ်တယ်လို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ်ရေး နဲ့ ကြိုတင်ကာကွယ်ရေးအေဂျင်စီ KDCA က ဆိုပါတယ်။  သက်ကြီးပိုင်းတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကူးစက်မှု အများစု ဖြစ်ပေါ်တယ်လို့  KDCA က ထုတ်ပြန်ပါတယ်။  
4 months Ago
More News
Up