ကသာ

January 19, 2022

ကသာတွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာမှာ  ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ  စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲမှာ  တိုက်လေယာဉ် ၂ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒေသခံတစ်ဦးက “တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးလာကြဲတာ။ မှတ်တိုင်ရွာ ဘုရားကုန်းနားမှာ ကြဲတာ ဗုံး ခြောက်လုံးလောက်ရှိတယ်။ သေနတ်နဲ့လည်း ဆက်တိုက်ပစ်တယ်။ ရွာဦးစေတီလည်း ဗုံးထိသွားတယ်။ ကလေးနှစ်ယောက်နဲ့ ပြည်သူ ငါးယောက်ထိခိုက်သွားတယ်”လို့ ပြောပါတယ်။

ဘုရားကုန်းမှာ စစ်ကောင်စီလေတပ် ဂျက်လေယာဉ် ၂ စီးလာရောက်ဗုံးကြဲ ​တိုက်ခိုက်တာကြောင့် ရွာဦးစေတီ​တော်ကြီးအပြင် အရန်စေတီတော်တဆူလည်း ထိမှန်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ 

လေကြောင့်ဗုံးကြဲတိုက်ခိုက်တာကြောင့် စေတီပုထိုးတွေ ပျက်စီးတာအပြင် အသက် ၅၀ အရွယ် ဦးနတောင် နဖူးမှာ ဗုံးစထိမှန်ပြီးတော့ ဘုရားရင်ပြင်မှာ ဆော့ကစားနေတဲ့ အသက် ၈ နှစ်အရွယ် မောင်ကျော်ဝေမိုး  ကျောကုန်းမှာ ဗုံးစထိမှန်သွားခဲ့ပါတယ်။

မနေ့က တိုက်ပွဲမရှိဘဲ ဗုံးလာကြဲသွားတာဖြစ်ပြီး PDF တွေ ရှိတယ်အထင်နဲ့ ဗုံးလာကြဲသွားတာဖြစ်နိုင်ပြီး ဗုံးစထိမှန်သွားတဲ့ ကလေးကတော့ စိုးရိမ်ရတယ်လို့ ဒေသခံက ပြောပါတယ်။

ကသာမြို့နယ် မိုးတားကြီးကျေးရွာမှာလည်း ဇန်နဝါရီ ၁၂ ရက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နှစ်ယောက် အပါအဝင် ဒေသခံ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၆ လုံး ပျက်စီးကာ ဓမ္မာရုံတစ်ခု မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

1 week Ago

January 15, 2022

ကသာမြို့နယ်၌ PDF နှင့် ABSDF တပ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဇန်နဝါရီ ၁၅ ရက် ဒီမနက် ၇ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  မြို့လှ PDFတပ်ဖွဲ့က သိရပါတယ်။ 

ချောင်းဝကျေးရွာ ရွာဦးရေချမ်းစင်ဘက်ကို  ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ရာက တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမဲ့ သေဆုံးမှုအရေအတွက်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီ သင်္ဘော နှစ်စီးကို လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း (၁၂၁) နဲ့ မြို့လှ PDFတပ်ခွဲ (၂) ၊ ကေအိုအေတို့ ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ် ၂ နာရီလောက်ကလည်း ရွှေကူမှ ကသာသို့စုန်ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘော နှစ်စီးကို အသင့်စောင့်ဆိုင်းနေတဲ့နကူးရွာဟောင်းမှ စစ်ကောင်စီတပ်တွေကို  ABSDF ကျောင်းသားတပ်မတော်နဲ့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပ-က-ဖ)ပူးပေါင်းအဖွဲ့တွေက  RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကသာတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိနိုင်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပေမဲ့ PDF နဲ့ ABSDF တပ်တွေ  အထိအခိုက်မရှိပါလုံးဝမရှိပဲ ပြန်လည်ဆုပ်ခွာ လာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကသာ၊ ရွှေကူနဲ့ ဗန်းမော်မြို့နယ်တွေကို ရေကြောင်းက  တဆင့်စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ လမ်းကြောင်းတွေကို ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုတွေကို ဇန်နဝါရီ ၅ ရက်တည်းက အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးတားရွာတော်ပေါ်ကျောင်းက ၃ နေရာမှာလည်း တပ်စွဲထားပြီး ကျောင်းဝင်း အတွင်းကနေပြီး နှောတန်းကျေးရွာဘက်ကို လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

ပေါလောကျွန်းမှာ တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

2 weeks Ago
More News
Up