ကရင်ပြည်နယ်

January 31, 2021

၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ တပ်မဟာ ၅ နယ်မြေ ထီးလော်သီထတွင် ကျင်းပ

၇၂ ကြိမ်မြောက် ကရင်တော်လှန် ရေးနေ့  စစ်ရေးပြအခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကွမ်းပင်ဝကျေးရွာအုပ်စု၊ ထီးလော်သီထကျေးရွာမှာ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

၇၂ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားကို ၇၁ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ကေအန်အယ်အေ တပ်မဟာ ၅ ဌာနချုပ်၊ ဒေးပူနိုမှာ ကျင်းပပြုလုပ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကန့်ကွက်အကြောင်းကြားစာပို့ထားပေမယ့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ စစ်ကြောင်းအလိုက် ချီတက်တာ၊ တပ်အပ်တာ၊ စစ်ကြောင်းမှူးက စစ်ကြောင်းကို စစ်ဆေးတာ၊ ကရင်အလံတော်နဲ့ ကျဆုံးသွားတဲ့ ကရင်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ပါတယ်။

ဆက်လက်ပြီး ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်​ကြီး စောမူတူးစေးဖိုး ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ တပ်မဟာ ၅ ဖာပွန်ခရိုင် ဥက္ကဌက ကရင်တော်လှန်းရေးနေ့ဖြစ်ပေါ်လာပုံနဲ့ တပ်မဟာ ၅ စစ်ဗျူဟာမှူးတို့က အမှာစကား ပြောကြားခဲ့ပါတယ်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်​ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာမှာ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ မိမိတို့ပြည်ထောင်စုကြီး၏ နိုင်ငံရေး ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် မိမိတို့ပြည်ထောင်စုကြီး၏ အခြေအနေနှင့် ကိုက်ညီသော ပံ့ပိုးကူညီမှုများဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းလိုပါသည်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ဖာပွန်ခရိုင်ဥက္ကဋ္ဌ စောထဲဒယ်က ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးကို အကြိမ်ကြိမ်အခါခါ တောင်းဆိုသလို ငြိမ်းချမ်းရေးလိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကရင်ဒေသမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ အထူးသဖြင့် တပ်မဟာ ၅ မဲဝိုင်ဖက်မှာ တပ်မတော်ရဲ့ ကျူးကျော်မှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ တိုက်ပွဲတွေ ပုံဖော်မှုတွေနဲ့ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုတွေကိုလိုလားပြီး၊ ပြည်တွင်းစစ်ကို အလိုမရှိကြောင်း၊ စစ်ပွဲတွေကို ရပ်တန့်စေဖို့ ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်တာတွေ ရှိနေပါတယ်။

သတင်း - ရဲမင်းခေါင်

3 months Ago

January 15, 2021

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တခုလုံး နုတ်ထွက်စာတင်ထား

ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တခုလုံး  တိုင်းစစ်ဌာနချုပ်ကနေတစ်ဆင့် နုတ်ထွက်ကြောင်း ဇန်နဝါရီ  ၁၄ ရက်နေ့က စာတင်လိုက်တယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်စစ်ရုံးက တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လာရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။  ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း အစည်းအဝေးရှိတယ်လို့ BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  ပြီးခဲ့တဲ့ အပတ်ကလည်း BGF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမိုသို နုတ်ထွက်စာတင်ခဲ့ပါတယ်။  ဗိုလ်မှူးစောမိုသို နုတ်ထွက်တာဟာ ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သတ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။  BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူကိုလည်း နုတ်ထွက်ဖို့ ပြောထားတယ်လို့ သိရပါတယ်။  ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း တွေ့ရှိချက်တွေကိုတင်ပြပြီး ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သားတွေကိုလည်း အရေးယူဆောင်ရွက်ခဲ့သလို ပါဝင်ပတ်သက်တဲ့ နယ်ခြားစောင့်တပ်အဖွဲ့တွေရှိရင် စည်းမျဉ်းစည်းကမ်းတွေအရ ဆောင်ရွက်ရမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။  အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရရဲ့စစ်ဆေးမှုတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးစေခဲ့ပြီး ကန့်သတ်ပိတ်ဆို့တာ ဘာမှမရှိခဲ့ဘူးလို့ BGF ဘက်က ပြန်လည်ပြောဆိုထားပါတယ်။ အောင်သူ
4 months Ago
More News
Up