ကရင်ပြည်နယ်

July 27, 2019

ကရင်ပြည်နယ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကျပ်သန်း ၃၇၀၀ ကျော် ထုတ်ချေးပေး

ကရင်ပြည်နယ်၊ တောင်သူလယ်သမားတွေ လယ်ယာဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးလုပ်ကိုင်နိုင်ဖို့ China EXIM Bank ချေးငွေကနေ ကျပ်သန်းပေါင်း ၃၇၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်ဆိပ်ကြီးနဲ့ သံတောင်ကြီး မြို့နယ် ၇ မြို့နယ်မှာရှိတဲ့ သမ၀ါယမအသင်းပေါင်း ၂၃၆ သင်းမှာပါဝင်တဲ့ အသင်းသား ၁၃၉၀၀ ကျော်အား ချေးငွေပေးအပ်တာကို ဘားအံမြို့၊ ပြည်နယ်သမ၀ါယမဦးစီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အခြေခံတောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ စက်ကိရိယာတွေနဲ့ လိုအပ်တာတွေပံ့ပိုးပေးနိုင်ဖို့၊ ချေးငွေအပေါ်ကရတဲ့ အကျိုးအမြတ်နဲ့ ရင်းနှီးစုဆောင်းတတ်ဖို့၊ ချေးငွေမရှိတော့တဲ့အချိန် မိမိတိုဘာသာ ရပ်တည်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ချေးငွေတွေကို ထုတ်ချေးပေးတာပါ။ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက “ပြည်သူများရဲ့ လူမှုစီးပွားဘ၀တွေကို ပိုမိုတိုးတက်အောင် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါ”လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ သံတောင်ကြီးမြို့နယ်၊ သမ၀ါယမအသင်းစု၊ ဥက္ကဋ္ဌ ဦးစောဘင်ဂျမင် က “အဆင်ပြေမှုအတိုင်းအတာကတော့ ဘယ်လိုတိုင်းတာရမလဲတော့ မသိဘူး။ တဦးစီကတော့တူမှာ မဟုတ်ဘူး။ အောင်မြင်တဲ့လူတွေ တိုးတက်တဲ့ သူတွေ တိုးတက်လာတယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ်သမ၀ါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက “ဒီချေးငွေနဲ့ပတ်သက်ပြီး လယ်ယာသုံး စက်ကိရိယာတွေ၊ မြေသြဇာတွေ သွင်းအားစုတွေ ဒါတွေပံ့ပိုးတဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် တောင်သူလယ်သမားတွေက ယခင်ကနဲ့ မတူတော့ဘူး”လို့ ပြောပါတယ်။ သမ၀ါယမလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ အသင်းစုချုပ်၊ မြို့နယ်အသင်းစု၊ အခြေခံအသင်းပေါင်း ၅၉၂ သင်း အသင်းသား ၄၄၀၀၀ ခန့်ကို စုစုပေါင်းချေးငွေကျပ်သန်း ၄၅၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။ လယ်ယာကဏ္ဍအသုံးပြုဖို့ ထွန်စက်ကြီး၊ လက်တွန်းထွန်းစက်အပါ ၃၅၃ စီး၊ ဆက်စပ်ပစ္စည်း ၅ မျိုး၊ ရိတ်သိမ့်ခြွေလှေ့စက် ၅ စီး၊ လယ်ယာမြေပြုပြင်ပြီးဧက ၉၂၁ ဧကကျော်၊ သွင်းအားစုတန်ဖိုး ၃၇ သန်းကျော် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ၁၁ ကြိမ်မြောက် ချေးပေးခဲ့တဲ့ချေးငွေတွေကို ပြန်လည်ပေးဆပ်ရာမှာ အစောဆုံးပေးအပ်ခဲ့တဲ့ အကောင်းဆုံးမြို့နယ်တွေကို ပထမ၊ ဒုတိယနဲ့ တတိယဆုတွေကို ချီးမြှင့်ပေးခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ သမ၀ါယမအသင်းသားတောင်သူတချို့ အကြောင်းအမျိုးမျိုးကြောင့် ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပြန်လည်မပေးဆပ်နိုင်တဲ့အတွက် အရေးယူတရားစွဲခံရတာတွေရှိနေပေမယ့် ကရင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ မရှိသေးဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
2 years Ago

July 26, 2019

တနိုင်ငံလုံးတွင် ကရင်ပြည်နယ်က ကျောင်းထွက်နှုန်း အများဆုံးဖြစ်

ကရင်ပြည်နယ်ရဲ့ အနာဂတ်အတွက် လူငယ်တွေကိုအားကိုးပြီး အဓိကထားရမယ် အခြေအနေမျိုးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် ကျောင်းမပြီးဘဲ ကျောင်းထွက်တဲ့ ပြည်နယ်တွေထဲမှာ ကရင်ပြည်နယ်ဟာ အများဆုံးဖြစ်တယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဇူလိုင် ၂၆ ရက် နေ့လယ်ကပြုလုပ်တဲ့ တတိယအကြိမ် ကျေးလက်အခြေပြု သက်မွေးပညာ သင်တန်းဆင်းပွဲနဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ “ကရင်ပြည်နယ်ရဲ့ အနာဂတ် လူငယ်တွေကိုပဲ အားကိုးပြီးတော့ အဓိကထားရမယ့် အခြေအနေမျိုးမှာ ရှိပါတယ်။ လူငယ်ကိုပြန်ကြည့်မယ်ဆိုရင်လည်း ကရင်ပြည်နယ်မှာ မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျောင်းမပြီးဘဲနဲ့ထွက်တဲ့ ပြည်နယ်ထဲမှာ အများဆုံးပါတယ်။ မူလတန်း၊ အလယ်တန်းတွေမှာ အထွက်နည်းတယ်။ အလယ်တန်းအပြီးနဲ့ အထက်တန်းအစမှာ တော်တော်များတယ်” လို့ ပြောပါတယ်။ သင်တန်းကို အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမမီတဲ့ အမျိုးသား အမျိုးသမီးတွေ၊ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှုနဲ့ ၀င်ငွေပိုမိုတိုးပွားလာစေဖို့၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အသက်မွေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တာပါ။ သင်တန်းကို ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)ရဲ့ ရန်ပုံငွေထောက်ပံ့ပေးမှုနဲ့ အစိုးရနည်းပညာ အထက်တန်ကျောင်း(ဘားအံ)၊ Swisscontact နဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာပါ။ သင်တန်းမှာ စက်ချုပ်၊ အရောင်းစာရေး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ကျေးလက်စက်ပြင်၊ ပန်းရံ၊ ရေပိုက်ဆက် ပိုက်ပြင်၊ ဆံပင်နဲ့မိတ်ကပ် အလှပြှုပြင်ခြင်း သင်တန်း ၇ မျိုးကို ၃ လကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသားသင်တန်းသူ ၁၂၁ ဦး တက်ရောက် အောင်မြင်ခဲ့ပါတယ်။ အခုသင်တန်းဟာ အခမဲ့သင်တန်းဖြစ်ပြီး သင်တန်းသား သင်တန်းသူတွေကို နေထိုင်သွားလာရေး၊ စားစရိတ် ထောက်ပံပေးတဲ့အပြင် နေ့တွက်စရိတ်တွေကိုပါ ထောက်ပံ့ပေးခဲ့ပါတယ်။ ရဲမင်းခေါင်
2 years Ago
More News
Up