ကမ္ဘာ့ဖလားခြေစစ်ပွဲ

September 6, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် စပိန်က လိုက်ခ်ျတန်စတိန်းကို ၈ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု ဂျီ ပွဲစဉ်တွေမှာ နာမည်ကြီး စပိန်အသင်းက လိုက်ခ်ျတန်စတိန်းအသင်းကို ၈ ဂိုး ဂိုးမရှိ၊ အီတလီက အစ္စရေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားတို့ တဘက်တဂိုးစီနဲ့ သရေကျသွားပါတယ်။ စပိန်အသင်းအတွက် ရာမို့စ်က ၁ ဂိုး၊ မိုရာတာက ၂ ဂိုး၊ အစ္စကို ၁ ဂိုး၊ ဆေးလ်ဗား ၁ ဂိုး၊ အက်စ်ပက် ၂ ဂိုး သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ တဘက်အသင်း ကစားသမား ကိုယ့်ဂိုး ကိုယ်သွင်းယူပေးတာ ၁ ဂိုး ပါဝင်ပါတယ်။ အီတလီအသင်းကတော့ အစ္စရေးအသင်းကို ပွဲချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူး အင်မ်မိုဘိုင်းလ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားတို့ ပွဲစဉ်မှာတော့ ပွဲချိန် ၅၃ မိနစ်မှာ ရိုရှီက အယ်လ်ဘေးနီးယားအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ၇၈ မိနစ်မှာ မက်ဆီဒိုးနီးယားအတွက် ထရက်ခ်ျကော့ဗ်စကီးက ပယ်နယ်တီကတဆင့် ချေပဂိုး ပြန်သွင်းခဲ့လို့ တဘက်တဂိုးစီ သရေကျခဲ့တာပါ။ အုပ်စု ဂျီ က အသင်းတွေ ၈ ပွဲစီ ကစားပြီးချိန်မှာတော့ စပိန်က ရမှတ် ၂၂ မှတ်နဲ့ အုပ်စု ပထမ၊ အီတလီက ၁၉ မှတ်နဲ့ ဒုတိယ၊ အယ်လ်ဘေးနီးယားက ၁၃ မှတ်နဲ့ တတိယ၊ အစ္စရေးက ၉ မှတ်နဲ့ စတုတ္ထ၊ မက်ဆီဒိုးနီးယားက ၇ မှတ်နဲ့ ပဉ္စမနဲ့ လိုင်ခ်ျတန်စတိန်းက အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago

September 5, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲ အင်္ဂလန် ၂ - ၁ ဆလိုဗက်ကီးယား (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဥရောပဇုန် အုပ်စု အက်ဖ်က အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ မနေ့ညက ယှဉ်ပြိုင်ရာ အင်္ဂလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အင်္ဂလန်ဟာ ဒီပွဲမှာ ဂိုးသမား ဂျိုးဟတ်၊ နောက်တန်းလူတွေအဖြစ် ဝေါ်လ်ကာ၊ ကာဟေး၊ ဂျုံးစ်၊ ဘာထရန်၊ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေအဖြစ် ဒိုင်ယာ၊ ဟန်ဒါဆန်၊ အလီ၊ ချိန်ဘာလိန်၊ ရပ်ရှ်ဖို့ဒ်နဲ့ ဟယ်ရီကိန်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲ အဖွင့်ဂိုးကို ဆလိုဗက်ကီးယားက ရရှိသွားတာဖြစ်ပြီး ပွဲအစ ၃ မိနစ်မှာပဲ လိုဘော့တ်ကာက ဘယ်ခြေနဲ့ အနီးကပ် ကန်သွင်းသွားတာပါ။ အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြတ် အသာစီးရခဲ့ပါတယ်။ အင်္ဂလန်အတွက် ချေပဂိုးကို ပွဲချိန် ၃၇ မိနစ်မှာ ကွင်းလယ်လူ အဲရစ်ဒိုင်ယာက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ၅၉ မိနစ်မှာ ရပ်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်အတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အက်ဖ်မှာ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စကော့တလန်၊ လစ်သူယေးနီးယား၊ မော်လ်တာတို့နဲ့ တအုပ်စုတည်း ကျရောက်နေတာပါ။ အုပ်စုတွင်း ၈ ပွဲစီ ကစားအပြီးမှာတော့ အင်္ဂလန်က ရမှတ် ၂၀ နဲ့ အုပ်စု ထိပ်ဆုံးက ဦးဆောင်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ဆလိုဗက်ကီးယားက ရမှတ် ၁၅ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဆလိုဗေးနီးယားက ၁၄ မှတ်နဲ့ တတိယ၊ စကော့တလန်ကလည်း ရမှတ် ၁၄ မှတ် တူညီပေမယ့် ဂိုးကွာခြားချက်အရ စတုတ္ထ၊ လစ်သူယေးနီးယားက ၅ မှတ်နဲ့ ပဉ္စမ၊ မော်လ်တာကတော့ အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up