ကမ္ဘောဒီးယား

January 5, 2021

ကမ္ဘောဒီးယားတွင် ကျောင်း၊ ပြတိုက်နှင့် ဖျော်ဖြေရေးဂေဟာများ ပြန်ဖွင့်

ကမ္ဘောဒီးယားနိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ သီတင်းပတ် ငါးပတ်ကြာ အသွားအလာ ပိတ်ဆို့ကန့်သတ်အပြီး ဇန်နဝါရီ ၄ ရက်မှာ ကျောင်းတွေ၊ ပြတိုက်တွေ ဖျော်ဖြေရေးဂေဟာတွေ ဘားတွေနဲ့ အားကစားရုံတွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ မြို့တော်ဖနွမ်ပင်က ဒေသန္တရ မူလတန်းကျောင်းမှာ ကျောင်းသားတွေ လက်ဆေးဖို့နဲ့ ကိုယ်ပူချိန် အစစ်ခံဖို့ တန်းစီနေတာကို တနင်္လာ မနက်မှာ တွေ့ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ကပ်ဘေးအတွင်း ပြည်လုံးကျွတ် အသွားအလာ ကန့်သတ်ချက် စုစုပေါင်း ၃ ကြိမ် ကျင့်သုံးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံထဲမှာ ဇန်နဝါရီ ၅ ရက် မနက်အထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၃၈၂ ယောက် ရှိပြီး သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။
4 months Ago

December 9, 2020

ကမ္ဘောဒီးယား၌ ပျောက်ဆုံးသွားသည့် ထိုင်းတက်ကြွလှုပ်ရှားသူအမှု သက်သေ တင်သွင်း 

ကမ္ဘောဒီးယားနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ ထိုင်း ဒီမိုရေစီရေးတက်ကြွလှုပ်ရှားသူ ဝမ်ချာလန်စတ်ဆာစစ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို သူ့ရဲ့ အစ်မဖြစ်သူ  စီတာနန်စတ်ဆာစစ်က  ဒီဇင်ဘာ ၈ ရက်မှာ ဖနွမ်ပင် တရားရုံးကို လာရောက်ပေးအပ်ခဲ့ပါတယ်။ မောင်ဖြစ်သူ ပျောက်ဆုံးကြောင်း သက်သေတွေကို ရုံးတင်ပြီး တရားဥပဒေအရ ဆက်လက် လုပ်ဆောင်ဖို့ သင့်၊ မသင့် တရားသူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူဖို့  ရောက်လာခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ် ထိုင်းတက်ကြွလှုပ်ရှားသူ ဝမ်ချာလန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်က သူ့ တိုက်ခန်းအရှေ့မှာ ဇွန်လက ကားပေါ် ဆွဲခေါ်ခံခဲ့ရတာလို့ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ဒါဟာ ပြန်ပေးဆွဲမှု ဖြစ်ခဲ့တာကို သူတို့ သတိမထားမိဘူးလို့ ကမ္ဘောဒီးယား ရဲတွေက အရင်က ပြောထားခဲ့ဖူးပါတယ်။ ဝမ်ချာလန်ဟာ ပြန်ပေးဆွဲခံရချိန်က အစ်မဖြစ်သူ စီတာနန်နဲ့ ဖုန်းပြောနေခဲ့တယ်လို့ စီတာနန်က အရင်က ပြောဖူးပါတယ်။ ဖနွမ်ပင် အခြေစိုက် ထိုင်းသံရုံးကတော့ ဒီအမှုကို သူတို့ လိုက်နေတယ်။ ဒါပေမဲ့ ဒီအချိန်မှာ တရားစီရင်ရေးအောက်ကို ရောက်နေပြီဖြစ်လို့ သီးခြားမှတ်ချက်မပေးနိုင်သေးဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံထဲက ထွက်ပြေးခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၈ ယောက်ထက် မနည်းဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ နေရင်း ပျောက်ဆုံးခဲ့ကြပြီး တချို့ကိုတော့ သေဆုံးလျက်သား ပြန်တွေ့ခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ပျောက်ဆုံးသူတွေနဲ့ သူတို့ ဘာမှမပတ်သက်ဘူးလို့ ပြောကြားထားပါတယ်။
5 months Ago
More News
Up