ကပ်ရောဂါဘေ

May 14, 2020

ဘန်ကောက်ရှိ ကပ်ရောဂါဘေးခံစားနေရသူများအတွက် ထိုင်းစားဖိုမှူးများ ထမင်းဟင်း ချက်ပေးမည်

အချက်အပြုတ်ပညာရှင်စားဖိုမှူးတွေဟာ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးသင့် ရပ်ကွက်တွေမှာ မေလ ၁၃ ရက်က စပြီး ၁၀ ရက် တိတိ နေ့လယ်စာ ထမင်းဘူး အရေအတွက် ၄၀၀၀၀ လောက်ကို ချက်ပေး သွားဖို့ရှိနေပါတယ်။ ဒီအစဉ်အစဉ်အတွက် ဒေသခံ ပရဟိတအသင်း Chef Hugs က စားဖိုမှူး အယောက် ၂၀၀ နဲ့ အငှားယာဉ်မောင်း ဒါဇင်ချီ ငှားရမ်းထားပါတယ်။  ကပ်ဘေးကာလမှာ ထိုင်နိုင်ငံက စားဖိုမှူးတွေဟာလည်း လောလောဆယ်မှာ အင်မတန် နည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတာဖြစ်ပြီး တချို့ စားဖိုမှူးတွေက ထိုင်းနိုင်ငံအနှံ့က နာမည်ကြီး စားသောက်ဆိုင်တွေက စားဖိုမှူး တွေပါ။  “ကျနော်တို့မှာ အခု အလုပ်မရှိဘူး။ ဒုက္ခရောက်နေပေမယ့် ကျနော်ထက် အများကြီး ပိုဆိုးတဲ့ အခြေအနေ ရောက်နေတဲ့ လူတွေ ရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် သူတို့အတွက် ဒါကို လုပ်ပေးချင်တယ်” လို့ စားဖိုမှူး တယောက်က ပြောပါတယ်။  ဒီစီမံကိန်းမှာပါတဲ့ စားဖိုမှူး အားလုံး တရက်ကို ဘတ်ငွေ ၄၀၀  ရပြီး အငှားယာဉ်မောင်းတွေ ကတော့ စားစရာတွေကို ဘန်ကောက်ရှိ ဝင်ငွေနိမ့်ရပ်ကွက် ၅၀ ကို စားစရာတွေ သယ်ပို့ပေးဖို့ တရက် ဘတ်၃၀၀ ရပါတယ်။  တရက်ကို ထမင်းဘူး ၄၀၀၀ နှုန်းနဲ့ ၁၀ ရက် ကို ထမင်းဘူးပေါင်း ၄၀၀၀၀ လောက်  ဝေမျှ သွားဖို့ စားဖိုမှူးတွေက ရည်မှန်းထားပါတယ်။  ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံ ရတဲ့ နိုင်ငံပါ။ မေလ ၁၃ ရက်ကတော့ ၂လ အတွင်း ပထမဆုံး အနေနဲ့ ကူးစက်ခံ လူနာသစ် မတွေ့ခဲ့ပါဘူး။ ထိုင်းအစိုးရကတော့ စီးပွားရေး လုပ်ငန်းတွေ အပေါ် ကန့်သတ်မှုတွေ ပိုဖြေလျှော့ ပေးဖို့ စဉ်းစားနေပါတယ်။ လာမယ့် သီတင်းပတ်မှာ ကုန်တိုက်တွေ ပြန်ဖွင့်ဖို့လည်း စဉ်းစားနေပြီး မေလ ၁၅ ရက်မှာတော့ ကန့်သတ်ချက်ဖြေလျှော့ရေး လုပ်ဆောင်ချက်တွေကို စဉ်းစားဖို့ အစည်းအဝေး ကျင်းပဖို့ မျှော်လင့် ထားပါတယ်။ 
1 year Ago

April 17, 2020

ကပ်ရောဂါဘေးမှ ကင်းဝေးကြစေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှစ်သစ်ဆုတောင်း

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြတာကို များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကပ်ရောဂါဘေးမှ ကင်းဝေးကြစေဖို့  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆုတောင်းပေးလိုက်ပါတယ်။ ဒီကနေ့  ဧပြီလ ၁၇ ရက်၊  မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က   နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေ၊ အလှူရှင်တွေ၊ ပူးပေါင်း ပါဝင်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ မီဒီယာတွေ၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို တိကျစွာ လိုက်နာကြတဲ့ လူထုလူတန်းစား အလွှာအသီးသီးက မိဘပြည်သူတွေ အားလုံးကို အထူးကျေးဇူးတင်တယ်လို့ သမ္မတက ပြောပါတယ်။  ဒီကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့တဲ့ ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် တာဝန်ကိုယ်စီ ရှိကြတဲ့အတွက် အားလုံး အတူတကွ စည်းလုံးညီညွတ်စွာနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ လည်း သမ္မတက မေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါဆိုးနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံက ကြိုတင်ပြီး စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။  ဒါ့အပြင် တဖက်မှာလည်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နေတဲ့ အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရာမှာ ပြည်သူတွေအနေနဲ့ တွေ့မြင်ကြားသိနိုင်တဲ့ မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိသလို မတွေ့မြင် မကြားသိနိုင်တဲ့ မြင်သာထင်သာ မရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း ရှိတယ်လို့ သမ္မတက ပြောပါတယ်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်မှာ စိတ်သစ်လူသစ် ခွန်အားသစ်တွေနဲ့ နှစ်သစ်သို့ ခရီးဆက်ကြဖို့နဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့ အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြဖို့လည်း သမ္မတက ပန်ကြားထားပါတယ်။
1 year Ago
Up