စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားတဲ့ အစီးရေ ၃၀ လောက်ရှိတဲ့ စစ်ယာဉ်တန်းကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ကန့်ဘလူ PDF နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး နေရာခွဲကာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကောလင်းဘက်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ ကားတွေလို့ယူဆရတယ်။ ရွှေဘိုဘက်ကိုပြန်တဲ့ကားတွေပါ။ ညနေ ၃ နာရီကနေ ၅ နာရီကြားမှာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ပြီး အမြန်ဆုတ်ခွာလာတဲ့အတွက် ထိခိုက်မှုအနေအထားကို မသိရသေးပါဘူး။ စစ်ယာဥ်တန်းနဲ့အတူ ကြိုးကြားလိုက်ပါလာတဲ့ အိမ်စီးကားတွေကြောင့် တိုက်ခိုက်ရေးအတွက် အနှောက်အယှက်ဖြစ်ရပါတယ်” လို့ PDF ပြန်ကြားရေးက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကို ကန့်ဘလူ PDF၊ ကန့်ဘလူစွန်ရဲနဲ့အတူ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး ကန့်ဘလူမြို့နဲ့ စပယ်နံ့သာ ကြားမှာနှစ်ကြိမ်၊ စပါးနံ့သာနဲ့ ငှက်ပျောတိုင်းရွာကြား ရေရှင်ကြီးအလွန်မှာ တစ်ကြိမ်၊ စုစုပေါင်း ၂ နာရီအတွင်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အားလုံး ဘေးကင်းလုံခြုံကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာလည်း အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ ယခင်ဆေးရုံဟောင်းနေရာအနီးမှာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က အမျိုးသမီး ၁ ဦး လန့်ဖြတ်မေ့မျောပြီး ၁ ဦးက ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မေ့မျောသွားတဲ့သူဟာ အချိန်ခဏအတွင်းမှာ သတိပြန်လည်ရရှိလာခဲ့ပြီး ဒဏ်ရာရသူကတော့ ၃ ချက်ချုပ်လိုက်ရကာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။
ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာမသိရသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာနဲ့ သရက္ကံရွာ အနီးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် နှစ်တိုင်ကို စက်တင်ဘာလ ၁၈ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ကန့်ဘလူ PDF က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ မိုင်တဲတာဝါတိုင်တွေကို စိစစ်ရွေးချယ် စုံစမ်းနေပြီး မိုင်တဲတာဝါတိုင်လို့ အတည်ပြုနိုင်မယ့် တာဝါတိုင်အားလုံးကို တစ်ခုမကျန် ကန့်ဘလူ PDF နဲ့ ကန့်ဘလူမြို့နယ်အတွင်း တသီးတခြားရပ်တည်ကာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်မျိုးဆက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖျက်ဆီးသွားမယ်လို့ သတိပေးထား ပါတယ်။
ကန့်ဘလူမြို့နယ်မှာ NUG က တော်လှန်ခုခံစစ်စတင်ဆင်နွှဲလိုက်တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း သရက်တာ မိုင်တဲလ်တာဝါတိုင်ကိုလည်း ကန့်ဘလူ PDF က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။