ကနေဒါဝန်ကြီးချုပ်

June 6, 2020

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြပွဲတွင် ကနေဒါဝန်ကြီးချုပ် ဒူးထောက်ဆန္ဒပြ

ကနေဒါနိုင်ငံ မြို့တော်အော့တဝါမှာ ဇွန်လ ၅ ရက်ကလုပ်တဲ့  လူမျိုးရေးခွဲခြားမှု  ဆန့်ကျုင် ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ် ဂျပ်စတင်-ထရူးဒိုး ပါဝင်ခဲ့ပြီး  ဒူးထောက်ဆန္ဒပြခဲ့ပါတယ်။ နှာခေါင်းစည်းအနက်ရောင်ဝတ်ပြီး ကိုယ်ရံတော်တွေ ခြံရံထားတဲ့ ထရူးဒိုးဟာ  ပါလီမန်ရှေ့မှာ ပြုလုပ်တဲ့ “တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှု မရှိဘူး” လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲမှာ အံအားသင့်ဖွယ် မထင်မှတ်ဘဲ  ပါဝင်ခဲ့တာပါ။  ကနေဒါအရှေ့ပိုင်းမှာ  ရဲတပ်ဖွဲ့ရဲ့ မေးမြန်းမှုအတွင်း ဒေသခံ အမျိုးသမီး ၁ ဦး  ပစ်သတ်ခံရပြီး နောက်တနေ့မှာ ဝန်ကြီးချုပ် ထရူးဒိုးဟာ ဆန္ဒပြပွဲမှာ  ပါဝင်လာခဲ့တာပါ။  ဇွန်လ  ၅ ရက်က တိုရွန်တိုအပါအဝင် တခြား ကနေဒါ မြို့ကြီးတွေမှာလည်း   အမေရိကန် လူမည်း ဂျော့ဂျ်ဖလွိုက် သေဆုံးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။   ဆန္ဒပြပွဲအတွင်း  ဝန်ကြီးချုပ် ထရူးဒိုးဟာ  တခြားဆန္ဒပြသူတွေနဲ့ အတူ သုံးကြိမ် သုံးခါ  ဒူးထောက်ခဲ့ပါတယ်။    ဒါဟာ ရဲတပ်ဖွဲ့ရဲ့  အာဖရိကန် - အမေရိကန်တွေအပေါ် ရက်စက်တဲ့ အပြုအမူတွေကို  ဆန့်ကျင်တယ်ဆိုတဲ့ သင်္ကေတအမူအရာ ဖြစ်ပါတယ်။  ဆန္ဒပြပွဲအပြီးမှာတော့ လူအများအပြားက ဒူးထောက်ဆန္ဒပြခဲ့တဲ့ ထရူးဒိုးကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။  ဆန္ဒပြပွဲအတွင်း ထရူးဒိုးဟာ စကားပြောဆိုတာ မရှိဘဲ  ဆန္ဒပြသူတွေ အမေရိကန်သံရုံးဆီ ချီတက်ချိန်မှာတော့ ထရူးဒိုးဟာ ဆန္ဒပြပွဲကနေ ထွက်သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
11 months Ago

May 8, 2020

ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့သည့် စစ်သည် ၆ ဦးကို ကနေဒါဝန်ကြီးချုပ် ဂုဏ်ပြု

အရင်အပတ်က ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ ကနေဒါ စစ်သည် ၆ယောက် ကို ကနေဒါဝန်ကြီး ချုပ်နဲ့ စစ်တပ်က အရာရှိတွေက မေလ ၆ ရက်မှာ ဂုဏ်ပြုခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သူတို့အားလုံး မျက်နှာဖုံးကို အနက်ရောင်တွေ ဝတ်ဆင်ထားပြီး လူချင်းခွာခွာ နေရင်း ဂုဏ်ပြုခဲ့ကြတာပါ။ အလောင်း ၁ လောင်းသာ ပြန်ရပြီး   ကျန် ၅ လောင်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရှာတွေ့တဲ့ အလောင်းအတွက် ခေါင်းတလားကို ကနေဒါ အလံနဲ့ ဖုံးလွှမ်းသယ်ဆောင်ပြီး ပျောက်ဆုံး စစ်သည် ငါးယောက်ရဲ့ စစ်ဦးထုပ်တွေကိုတော့ အရာရှိတွေက သယ်လာခဲ့ကြပါတယ်။ ဂရိနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်းဒေသမှာ စစ်သင်တန်းပေးနေချိန် ဖရက်ဒရစ်တွန် စစ်သင်္ဘောပေါ်ကနေ ပျံတက်ရင်း စစ်ရဟတ်ယာဉ်က ပျက်ကျခဲ့တာပါ။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ၊ အုပ်ချုပ်ရေးမှူးချုပ် ဂျူလီ ပယက်တေနဲ့ ကာကွယ်ရေး ဝန်ကြီး ဟာဂျစ် ဆာဂျန်တို့လည်း အွန်တေရီအို ပြည်နယ် ထရန်တွန်မြို့က စစ်စခန်းနဲ့ လေဆိပ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ပါတယ်။ ဖရဒ်ဒရစ်တွန် စစ်သင်္ဘောဟာ နေတိုးအဖွဲ့ရဲ့ Operation Assurance စစ်ဆင်ရေးမှာ ပါဝင်ပြီး အလယ်နဲ့ အရှေ့ ဥရောပ ဒေသတွင်း လုံခြုံရေး တိုးမြှင့်ဖို့ ရည်ရွယ် ထားပါတယ်။ ကနေဒါ လက်နက်ကိုင် တပ်ဖွဲ့ဝင် အယောက် ၂၁၀၀ လောက် ကမ္ဘာတလွှားမှာ တပ်ချထားပြီး Operation Assurance နေတိုး စစ်ဆင်ရေးထဲမှာတော့ ကနေဒါစစ်သည် ၉၁၅ ယောက် တာဝန်ထမ်းဆောင်နေပါတယ်။
1 year Ago
Up