ကနီမြို့နယ်

May 5, 2021

“ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်” စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၅ ရက်က   CDM ဆရာ၊ ဆရာမတွေနဲ့ CDM ကျောင်းသူ၊ ကျောင်းသားတွေဟာ အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်သင်ကြားမယ့် စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်းနဲ့ ဖက်ဒရယ်ပညာရေးစနစ်ပေါ်ပေါက်ရေး ဆန္ဒပြခဲ့ ကြပါတယ်။

ဒါ့အပြင် ပညာရေးတြိဂံ “စိတ်ဓာတ်၊စည်းကမ်း၊ပညာ” အစား “ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်” ဆိုပြီး အဖြူအင်္ကျီပေါ် ဆေးနီနဲ့ရေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

Photo-CJ

2 days Ago

ကနီမြို့နယ်ထဲက ကျေးရွာအချို့တွင် အကြမ်းဖက်စစ်တပ်များဝင်လာသဖြင့် ရွာသားများထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်က တပ်စွဲ ဝင်ရောက်ခြောက်လှန့်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သမင်ခြံရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ခဲ့သလို စားသောက်စရာတွေလည်းယူသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"မနေ့ကဆိုလည်း ကျနော်တို့ရွာကို မနက် ၉ နာရီကစရောက်တယ်။ ညနေ ၅ နာရီမှာပြန်တယ်ဗျ။ သေနတ်လည်း ၅ ချက်ထက်မနည်းဖောက်လှန့်ပါတယ်ဗျ။ ကျနော်တို့ရွာဆို ရွာသူ ရွာသားတော်တော်များများတောတွေမှာ ပြေးရှောင်နေရပါတယ်" လို့ ပြောပါတယ်။

သူတို့ရွာရဲ့မြောက်ဘက် ၁ မိုင်ကျော်ကရွာမှာ  တတပ်၊ ကနီမြို့ပေါ်မှာ တတပ်နဲ့ ကလေးဝလမ်းခွဲမှာ တတပ်၊ စုစုပေါင်း ၃ နေရာမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲထားတာပါ။

“အရင်နှစ်ခေါက် ရွာထဲမဝင်ဘူးဗျ။ မနေ့ကမှ စဝင်တာ။ အရင်၂ခေါက်လာတုန်းကတော့ ကျနော်တို့လည်း မပြေးဘူးဗျ။ လူကြီးတွေလောက်ပဲ ပြေးတာဗျ။ မနေ့က သေနတ်ဖောက်တော့ တော်တော်များများ ပြေးကြတယ်ဗျ။ စစ်သားတွေက ကြက်တွေဖမ်းပြီး သတ်စားတယ်ဗျ။ အရက်ဆိုင်က အရက်တွေ ယူတယ်ဗျ။ ဆိုင်ထဲက ပိုက်ဆံတချို့လည်း ယူတယ်ဗျ။ ကျနော်တို့ရွာကို လာတဲ့ အင်အားကတော့ ၂၀ လောက်ပဲရှိတာဗျ” လို့ ဒေသခံက ပြောပါတယ်။

အရင်အကြိမ်တွေတုန်းကတော့ စစ်သားတွေဟာ ဈေးဆိုင်တွေကနေ ဝယ်စားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

တပ်စွဲထားတဲ့ရွာမှာလည်း ရွာသားတွေ တိမ်းရှောင်နေကြရလို့ လူမရှိသလောက်ဖြစ်နေ တယ်လို့ သိရပါတယ်။

2 days Ago

April 18, 2021

ကနီမြို့နယ်၌ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် လာပို့ကျေးရွာအနီးမှာ  ဧပြီ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး  ပြည်သူ ၂ ယောက် ကျဆုံးသွားကာ တချို့ဖမ်းဆီးခံခဲ့ရပါတယ်။

မနေ့ နေ့လည်ပိုင်းက လာပို့ကျေးရွာအနီး မုံရွာ-ယာကြီး-က​လေးဝလမ်း  ၆၄ မိုင် အနားမှာ ကင်းစောင့်နေတဲ့ ဒေသခံရွာသားတချို့ကို  စစ်တပ်က လာရောက်အကြမ်းဖက်ပစ်ခတ်ခဲ့တာ ကြောင့် ရွာသားတွေက တူမီးသေနတ်နဲ့ ပြန်လည်ခုခံရာမှာ  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ 

“ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ ဒေသခံတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ အဲလိုပစ်လို့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပစ်တယ်။ ဒီနေ့အထိနှစ်ဘက်တင်းမာမှုတွေကတော့ရှိနေတုန်းပဲ။ ရွာသားတွေကတော့ ကြောက်ကြလို့ တောတွေထဲမှာ ပုန်းရှောင်နေကြရတယ်”လို့ လာပို့ ရွာသား တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

စစ်တပ်က မင်းကင်းမြို့နယ် ​တောင်တွင်း​ချောင်ဘက်က​နေလာတာဖြစ်ပြီး လမ်းသွားလမ်းလာ​တွေနဲ့ လမ်း​ဘေး​စျေးဆိုင်က ​ဒေသခံပြည်သူ​တွေကို ရိုက်ပုတ်စစ်​ဆေးတာ​တွေရှိ​ခဲ့တဲ့အပြင် ​ဒေသလုံခြုံ​ရေး​ဆောင်ရွက်​နေတဲ့ ဒေသခံပြည်​တွေကို စတင်ပစ်ခတ်တာ​လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။ 

လာပို့ရွာသားတစ်ဦးက “အခုကျနော်တို့ ပြည်သူတွေနဲ့ စစ်တပ်အပြန်အလှန်ပစ်ခတ်တယ်။ စစ်တပ်ကားတွေ ကျနော်တို့ရွာအထိလာတယ်။ ဒါကြောင့် ပြည်သူတွေက ပြန်ပစ်ခတ်တာ။ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပစ်ခတ်တာ” လို့ ပြောပါတယ်။  

ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ဒဏ်ရာရသွားသူတွေလည်း ၅ ယောက်လောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

​ဒေသခံပြည်သူဘက်က​ ၁ ဦးက​တော့ ​ခြေ​ထောက်ထိဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်းနဲ့  ကို​အောင်​ကျော်ဦးအမည်ရှိတဲ့   သစ်​ခေါက်​ကျေးရွာက ၁ ဦးကိုတော့ စစ်တပ်က အရှင်ဖမ်းမိသွားတယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်မှာ စစ်အုပ်စုဘက်က အရာရှိ ၁ ဦးကို ရွာသားတွေကဖမ်းဆီးထားပြီး မုံရွာသပိတ် ခေါင်းဆောင်  ကိုဝေမိုးနိုင်ကို လွှတ်ပေးပါက အဆိုပါအရာရှိကို ပြန်လွှတ်ပေးမယ်လို့ ရွာသားတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

“အရင်နေ့က ဗိုလ်မှူးတစ်ယောက်ဖမ်းထားတယ်။ မနေ့ကလည်း ဆိုင်ကယ်နဲ့လာခဲ့တယ်။ ဖမ်းထားလိုက်တယ်။ အရင်နေ့က ဖမ်းထားတဲ့ ဗိုလ်မှူးကို  ကိုဝေမိုးနိုင်နဲ့ လူချင်းလဲလှယ်ဖို့ ပြောတယ်။ လက်မခံဘူး”လို့  ဒေသခံက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ရာကျေးရွာအနီးမှာ  အကြမ်းဖက်စစ်​ကောင်စီဘက်က စစ်ကား ၃ စီးနဲ့ အင်အား ၈၀ လောက်ရှိနေကာ  ဧပြီလ ၁၈ ရက် ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က စစ်တပ်ဘက်က သေနတ်ပစ်​ဖောက်မှု​တွေရှိ​​ပေမဲ့  ပြည်သူ​တွေဘက်က​တော့ ပစ်ခတ်မှုမရှိခဲ့ဘူးလို့ ​ဒေသခံပြည်သူက ​ပြောပါတယ်။

ကနီမြို့နယ်မှာ ပြီးခဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၆ ဦးကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာရှိတဲ့ လာပို့ကျေးရွာအုပ်စုဟာ   ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၂၈၉၃ ဦးနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

3 weeks Ago
More News
Up