ကညနရုံးရှေ့ ဗုံးကွဲ

October 27, 2021

မန္တလေး ကညနရုံးရှေ့ ဗုံးကွဲ၊ လူအချို့ဒဏ်ရာရပြီး ဆိုင်ကယ်များ မီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်မှာရှိတဲ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးရှေ့မှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက် ဗုံး ပေါက်ကွဲမှုဖြစ်ပြီး လူတချို့ ဒဏ်ရာရကာ ဆိုင်ကယ်တချို့ မီးလောင်ပျက်စီးသွားပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်ကဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့်  ယာဉ်လိုင်စဉ် သက်တမ်းတိုးဖို့ ရပ်ထားတဲ့ ဆိုင်ကယ် တချို့မီးလောင်ပျက်စီးခဲ့ပြီး လူတချို့ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ပေါက်ကွဲမှုနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ မျက်မြင်တွေ့သူ တဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ပေါင်း ၄ ဦး ဒဏ်ရာရပြီး မန္တလေးဆေးရုံကြီးကို  ပို့ဆောင်ထားသလို ဒဏ်ရာ ပြင်းထန်မှု ရှိမရှိ မသိရသေးပါဘူး။ 

ဗုံးပေါက်ကွဲပြီးနောက် မီးလောင်နေတဲ့ ဆိုင်ကယ်တွေကို အနီးနားက လူတွေက မီးငြှိမ်းသတ်ခဲ့ကြပြီး နောက်ပိုင်းမှာ မီးသတ်ကားတွေ ရောက်လာပြီး ဆက်လက်မီးငြှိမ်းသတ်ခဲ့ပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေရောက်လာခဲ့ပြီး လမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေနဲ့ ကားတွေကို  ရပ်တန့်ပြီး စစ်ဆေးနေပါတယ်။

3 months Ago
Up