ကင်းလှည့်ရဲကား

September 28, 2021

ပခုက္ကူမြို့ပေါ် ကင်းလှည့်ရဲကားဗုံးပေါက်ကွဲ ၂ ဦးသေဆုံး

ပခုက္ကူမြို့ပေါ် လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံအနီးမှာ ကင်းလှည့် ရဲကားအတွင်း ဗုံးပစ်ထည့်ခံရပြီး ပေါက်ကွဲကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့ပေါ်ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကားက အရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်ကို ဦးတည်သွားနေတာ ဆိုင်ကယ်နဲ့ လာတဲ့လူတွေက ကားပေါ်ကို ဗုံးပစ်ထည့်သွားတာ၊ ချက်ချင်း ပေါက်ကွဲမှုဖြစ်တာပဲ၊ နေရာမှာတင် နှစ်ဦးသေတယ်။ ၃ ဦးက ဒဏ်ရာရတယ်။ ကားပေါ်မှာတော့ ဘယ်နှယောက် ပါမှန်းမသိလိုက်ဘူး။ သေတာကတော့ ကားယားလေးတွေပဲ၊ ဝုန်းခနဲ အသံကြားလိုက်တော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့ပေါ်မှာ ရဲကား၊ စစ်ကားတွေက ညနေ ၅ နာရီဝန်းကျင်မှာ မြို့ပေါ်မှာ အမြဲ ကင်းလှည့်ပတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ရဲကားမှာ အမိုးပွင့်လှန်သွားတယ်လို့ သိရပါတယ်။

2 months Ago

August 20, 2021

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ကင်းလှည့်ရဲကား ပစ်ခတ်ခံရ၊ ဒုတပ်ကြပ် ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ မြို့တွင်း ကင်းလှည့်နေစဉ်  သေနတ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် ရဲဒုတပ်ကြပ် တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များ ကျေးရွာ စျေးကုန်းအနီး  လှည့်လည်ကင်းပတ်နေစဉ်  အမည်မသိ လက်နှက်ကိုင် အဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ရဲကား ၂ စီးနဲ့ကင်းပတ်နေတာ၊ ရဲပတ်ကား AD van ကို သေနတ်နဲ့လာပစ်သွားတယ်။  အပိုင်နယ်ထိန်း ဒုတပ်ကြပ် ဝင်းမြင့်သေတယ်၊ နှစ်ဖက် အပြန်အလှန်ပစ်တယ်။ သိပ်မကြာဘူး ကားတွေနဲ့ ဖားကန့်ကို တန်းသယ်သွားတယ်ပြောတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ဒုတပ်ကြပ် ဝင်းမြင့်မှာ သေနတ်ဒဏ်ရာ လေးချက်ရရှိပြီး  အခင်းဖြစ် နေရာမှာ သေဆုံးခဲ့ပြီး ဖားကန့်ဆေးရုံသို့ တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နေ့စဉ်မပြတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး  ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

4 months Ago
Up